အိုက်ပွီး၊ ဇွန်လ ၁၀ ရက်၊ တီးတိန်
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ကားလမ်းတွေ တစ်လကျော်ကြာ အသုံးပြုလို့ မရတော့တာကြောင့် ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငရုပ်သီး စတဲ့ အခြေခံစားသောက်ကုန်တွေ ဝယ်ယူလို့မရဘဲ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တီးတိန်မြို့နယ်သို့ ကလေး-သိုင်းငင်း ကားလမ်းမအတိုင်း စစ်ကောင်စီ အင်အား ၅ဝဝ ခန့်နဲ့ စစ်ကြောင်း ထိုးလာပြီး တိုက်ပွဲတွေပြင်းထန်တဲ့အတွက် ကားလမ်းတွေ အသုံးပြုလို့ မရတော့တာဖြစ်ပါတယ်။
“တီးတိန်-ခိုင်ကမ်း ကားလမ်းကို နှစ်ဖက်အဖွဲ့တွေက အသုံးပြုခွင့်ကို ပိတ်ထားတယ်။ ကလေး-သိုင်းငင်း ကားလမ်းကတော့ စစ်ကောင်စီ စစ်ကြောင်း ထိုးလာကတည်းက ဘယ်သူမှအသုံးမပြုရဲတော့ဘူး။ တိုက်ပွဲတွေက ဖြစ်သေးတယ်။ ဒါကြောင့် ပြည်မဘက်က မည်သည့်အခြေခံစားသောက်ကုန်တွေ မရောက်လာနိုင်တာပါ။”လို့ တီးတိန်မြို့နယ်မှ ကုန်တင်ကားသမားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီ ကလေး-သိုင်းငင်းနဲ့ တခြား ကားလမ်းတွေ အသုံးပြုလို့မရတဲ့အတွက် တီးတိန်မြို့နယ်အတွင်း ပြည်မက ဝယ်ယူတင်သွင်းတဲ့ ဆန်၊ ဆား၊ ဆီ၊ ငပိ စတဲ့ အခြေခံစားသောက်ကုန်တွေ မရောက်နိုင်တော့ဘဲ ပြတ်လပ်နေတာဖြစ်ပါတယ်။
“အဓိကတော့ ကလေး-သိုင်းငင်း ကားလမ်းပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေပါ။ အဲကားလမ်းပေါ်က ဒေသခံပြည်သူတွေက ဘယ်နေရာမှ အခြေခံစားသောက်ကုန်တွေ ဝယ်လို့မရနိုင်တော့ ပိုခက်ခဲတယ်။ သူတို့က ကလေးနဲ့လည်း မလှမ်းမကမ်းဖြစ်နေကြသလို တီးတိန်မြို့နဲ့ အလှမ်းဝေးတော့ ပိုဆိုးတာပေါ့။”လို့ တီးတိန်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဆန်၊ ဆီ၊ ဆား ရောင်းတဲ့ဆိုင်တွေမှာလည်း အရင်ကထက် စျေးပိုပေးပြီး ဝယ်ယူစားသောက်ရသလို လိုချင်သလောက် ဝယ်ယူလို့လည်း မရဘူးလို့ သိရပါတယ်။
ဒါ့အပြင် တီးတိန်မြို့နယ် ကလေး-သိုင်းငင်း ကားလမ်းမပေါ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တစ်ထောင်ကျော်ဟာ အခြေခံစားသောက်ကုန်တွေ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
“ရွာကို ပြန်လို့မရသေးဘူး။ စစ်ကောင်စီစစ်ကြောင်းတွေ ရှိနေသေးတယ်။ တိုက်ပွဲတွေကလည်း ဖြစ်နေသေးတယ်။ အခုစစ်ဘေးရှောင်တာလည်း ကြာနေပြီ။ စားစရာတွေ မရှိတော့ဘူး။ တောတောင်တွေထဲက သီးနှံတွေရှာဖွေစားသောက်ရတာတွေလည်း ရှိတယ်။ စားနပ်ရိက္ခာတွေ အကူအညီလိုအပ်နေပါတယ်။”လို့ မွှာလ်ပီကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မေလ ၁၉ ရက်နေ့က ကလေးမြို့ကနေ တီးတိန်မြို့သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မွှာလ်ပီရွာအနီး ကလေး – သိုင်းငင်း ကားလမ်းမပေါ်မှာ ရှိနေသေးပြီး တပ်နောက်ဆုတ်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။