မြတ်နိုး၊ ဇွန် ၇၊ မုံးကိုး
ကိုးကန့်တပ်-MNDAA ထိန်းချုပ်နယ်မြေက ဒေသခံတွေကို အိမ်ထောင်စုနဲ့ မှတ်ပုံတင်အပြင် တရုတ်နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်ပါ ပြုလုပ်ပေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မုံးကိုးမှာတော့ ဒေသခံအိမ်ထောင်စုနဲ့ မှတ်ပုံတင်တွေ လုပ်ပေးနေပြီ။ နယ်စပ်အဝင်အထွက်တောင်လုပ်နေတဲ့ သူတွေရှိတယ်။ တချို့က စစ်သား စုဆောင်းခံရမှာ စိုးလို့ မလုပ်ရဲကြဘူး” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ်ဘက်က မှတ်ပုံတင်လို့ ဆိုပေမယ့် ဒေသခံ ကတ်ပြား၊ အိမ်ထောင်စု စာအုပ်က အပြာရောင်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ရှမ်းပြည်နယ် အိမ်ထောင်စု စာရင်းလို့ ရေးထားတယ်လို့ သူက ပြောပါတယ်။
“ကိုးကန့် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် ရှိရင် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် လျှောက်လို့ရတယ်။ စာရင်းကြိုသွင်းထားရတယ်။ အလှည့်ကျ လုပ်ပေးတယ်။” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ကို ကိုးကန့်ဘက်က လုပ်ပေးတာ မဟုတ်ပဲ တရုတ်ဘက်ခြမ်းက တရုတ်ရုံးမှာ သွားတန်းစီ ပြုလုပ်ရတာဖြစ်ပြီး အခမဲ့ပြုလုပ်ပေးကာ တရုတ်နိုင်ငံ မံစီမြို့အထိ သွားလာခွင့်ရှိတယ်လို့ သူက ပြောပါတယ်။
ဒေသခံကတ်ပြား မှတ်ပုံတင် လျှောက်ရင် ၃ ရက်ခန့်ကြာပြီး ကတ်တခုကို တရုတ်ယွမ် ၇၀ ကုန်ကျတယ် လို့ဆိုပါတယ်။
အဲမှတ်ပုံတင်ကို ကိုးကန့် ထိန်းချုပ်နယ်မြေက ဒေသခံတွေ အားလုံးကို ပြုလုပ်ပေးမှာ ဖြစ်ပြီး တချို့ ကျေးလက်တွေမှာတော့ အိမ်ထောင်စုစာရင်း ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ကိုးကန့် ထိန်းချုပ်နယ်မြေက ဒေသခံ မဟုတ်ပါက ကိုးကန့် တပ်ဖွဲ့နဲ့ သူတို့ရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဒေသခံအဖြစ် လျှောက်ယူနိုင်သလို ကိုးကန့် ထိန်းချုပ်နယ်မြေမှာ ယွမ် ၅ သိန်း နဲ့ အထက် ရင်းနှီး မြှုပ်နှံမှု ရှိသူတွေ လျှောက်ယူနိုင်ကြောင်းလည်း ကြားသိရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။