ရဲမာန်၊ ဒီဇင်ဘာ ၁၆ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောင်ခြမ်းက ပေါက်ပင်နဲ့ နဂါးတွင်းရွာက အရပ်သားနေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ စွမ်းရည်ထက်ဂိတ်ကနေ အင်အား ၁၅၀ ခန့်စစ်ကောင်စီတပ်ဖွဲ့က ထနောင်တော တောင်ရွာနဲ့ ပေါက်ပင်ရွာ အနားမှာ တော်လှန်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးပြီးနောက် ပေါက်ပင်နဲ့ နဂါးတွင်းရွာကို မီးရှို့ဖျက်စီးခဲ့တာဖြစ်တယ်လို့ monywa Revolution -MR က ရွှေဖီမြေကိုပြောပါတယ်။
“စွမ်းရည်ထက်ဂိတ်ကနေ ၁၀ နာရီဝန်းကျင်က ထွက်လာတာ။ ၁၁နာရီဝန်းကျင်လောက်မှာ ထနောင်တောတောင်ရွာနဲ့ မြောက်ရွာကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စဝင်တယ်။ ထနောင်တော တောင်ရွာနဲ့ ပေါက်ပင်ရွာအနီးမှာ တော်လှန်ရေးအဖွဲ့ တွေနဲ့ ထိတွေမူဖြစ်ပြီး ၂နာရီ ၁၀မိနစ်လောက်မှာ ပေါက်ပင်ရွာကို မီးစတင်ရှို့ပါတယ်။ ပေါင်ပင်ရွာထဲကနေ နဂါးတွင်းရွာထဲကို ၄ နာရီဝန်းကျင်ဝင်ရောက်ပြီး မီးစတင်ရှို့ပါတယ်။ နဂါးတွင်းရွာက အခုစာရင်းကတော့ ၄၆ အိမ်ရှို့ခံထားရတယ်။ ပေါက်ပင်ရွာကတော့ လေးအိမ်ရှို့ခံရတယ်”
စစ်ကောင်စီတပ်ဖွဲ့ မီးရှို့လိုက်တဲ့ အိမ်ခြေ ၅၀ ကျော်က မိသားစုဝင်တွေဟာ မိုးကာ၊ စောင် နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ၎င်းကဆိုပါတယ်။
အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ နဂါးတွင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုပါ အခုအကြိမ်အပါဝင် ၃ ကြိမ်ရှိပြီး ပေါက်ပင်ရွာကတာ့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
ဒီရက်ပိုင်းတွေမှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို နေစဥ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲမှုတွေပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ခိုင်မာတဲ့ ဗုံးခိုကျင်း လုပ်ထားကြဖို့ အသိပေးချင်တယ်လို့ ၎င်းက ပြောပါတယ်။
မုံရွာမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ လူပ်ရှားမှုသတင်းတွေနဲ့ အခြားအနယ်နယ်အရပ်ရပ်က စစ်ကောင်စီတပ်ဖွဲ့ လှုပ်ရှားမှုတွေနဲ့ မြေပြင်သတင်းတွေကို မိဘပြည်သူများ သိရှိစေရန်ဖြစ် ဒီ Facebook Pageကို https://www.facebook.com/share/1Ds8MTUjxa/ Follow လုပ်ထားကြဖို့ အသိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။