မိုင်းရူပ၊ ဇန်နဝါရီ ၁၉ ရက်၊ မယ်စဲ့
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ ကရင်နီပြည် မယ်စဲ့မြို့နယ်ရှိ အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတချို့ ထိုင်းနိုင်ငံဘက်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲက ဗိုလ်ကြီးအဆင့်ရှိသူ ပိုင်စိုးသူဆိုသူကို ထိုင်းရဲက ခွန်ယွန်းမြို့မှာ ဖမ်းဆီးရမိထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မြေပြင်သတင်းအရင်းအမြစ်တစ်ဦးကတော့ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံရှာဖွေနေပြီး အများစုဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။
“ဒီးမော့ဆိုအနောက်ခြမ်း မထွက်ပြေးဘဲနဲ့ ထိုင်းဘက်ကို ထွက်ပြေးသွားတယ်။ ဒီဘက်မှာလည်း ကရင်နီတပ်မတော်က လိုက်ဖမ်းနေတယ်။ ထိုင်းဘက်ကို အဓိက ပြေးကြတယ်” လို့ ဆိုပါတယ်။
မနေ့ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ မယ်စဲ့မြို့နယ်ရှိ အကျဥ်သား ၈၀ ကျော်ဟာ ထောင်ဖောက်ပြီး ထောင်စောင့် ၂ ဦးနဲ့အတူ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
IEC ရဲ့ ပြည်ထဲရေးဌာနကတော့ လူထုတွေလုံခြုံရေးအတွက် တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာလုံခြုံရေးအစီအမံတွေ ဆောင်ရွက်နေတယ်လို့ မနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။