ပျားကြီး၊ ဖေဖော်ဝါရီ ၁ ရက်၊ ကလေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့က အကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတွေက ဦးဆောင်ပြီး နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သွေးသစ္စာသီချင်းကို သီဆိုပြီး ဆန္ဒပြခဲ့ကြတယ်လို့ ကလေးဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ဖောင်းပြင်မြို့က နိုင်ငံရေးအကျဥ်းသူ မခင်နွဲ့လှိုင်က ဦးဆောင်ပြီး အကျဥ်းသား ၂၀၀ ကျော်က သပိတ်မှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
“မတရားတဲ့ နိုင်ငံရေးပုဒ်မတွေကို ဖျက်သိမ်းပေးဖို့ အကျဥ်းသားအားလုံး တန်းတူအခွင့်အရေးရဖို့ အဲဒါတွေအပါအဝင် အချက် ၃ ချက်ကို တောင်းဆိုနေကြတာဖြစ်တယ်” လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၂၀၂၁ ခုနှစ် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းချိန်ကစပြီး တနိုင်ငံလုံးက မတရားဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ နိုင်ငံရေးပုဒ်မတွေအပြင် မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ ဓားပြမှုစတဲ့ ပုဒ်မကြီးတွေနဲ့ပါ ဆက်စပ်တရားစွဲဆို ထောင်ချခံရမှုတွေ ရှိနေတဲ့အတွက် အဲဒီပုဒ်မတွေအပါအဝင် ပုဒ်မကြီး ၉ ခုကို ဖျက်သိမ်းဖို့၊ အကျဥ်းသား တန်းတူအခွင့်အရေးရရှိဖို့၊ အာဏာရှင်အဖွဲ့အစည်းမှန်သမျှ ကျဆုံးရေးစတဲ့ အချက် ၃ ချက်ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အကျဥ်းသားတွေရဲ့ သပိတ်တိုက်ပွဲအပြီးမှာ အကျဥ်းသား၊ အကျဥ်းသူ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီလက်ဝေခံ ထောင်အာဏာပိုင်တွေက မတရားရိုက်နှက်ပြီး တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ကလေးဒေသခံ နိုင်ငံရေးတက်ကြွလှပ်ရှားသူ တစ်ဦးက ပြောပါတယ်။
အကျဥ်းသားတွေဟာ တောင်းဆိုချက်တွေကို နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက် နောက်ဆုံးထားပြီး စစ်ကောင်စီဖက်က သဘောတူ လိုက်လျောပေးဖို့နဲ့ တကယ်လို့ လိုက်လျောမှု မပေးခဲ့ရင် နှစ်ဆန်း ၂ ရက်နေ့မှာ တနိုင်ငံလုံးက အကျဥ်းထောင်အားလုံးရဲ့ သပိတ်နေ့အဖြစ် သတ်မှတ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။