မိုင်းအရှိုင်း၊ မတ်လ ၁၉ ရက်၊ လားရှိုး
ကိုးကန့်တပ် – MNDAA က ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီစစ်သုံ့ပန်း ၁၀၀ ကျော်ကို မနေ့ မတ်လ ၁၈ ရက်မှာ လားရှိုးထဲပြန်လည်လွှတ်ပေးခဲ့တယ်လို့ MNDAA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သူက “ဟုတ်တယ်။ မနေ့က ၁၀၀ ကျော်လွှတ်တယ်တဲ့။ အတိအကျတော့မသိဘူး။ ၁၀၀ ကျော်လို့ပဲသိတယ်။ သူတို့ညှိနှိုင်းတာနေမှာပေါ့” လို့ ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်က ပြီးခဲ့တဲ ၂၀၂၅ခုနှစ် အောက်တိုဘာကနေ အခု ၂၀၂၆ခုနှစ် မတ်လအထိ ၎င်းတို့ ပြန်လွှတ်ပေးခဲ့တဲ့ စစ်ကောင်စီစစ်သုံ့ပန်းစာရင်းဟာ ၁၂၀၀နီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ၄၆ ဦး၊ နိုဝင်ဘာလမှာ ၂၀၂ ဦး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ၈၆ ဦး၊ ဇန်နဝါရီလထဲမှာပဲ ၅၀၀ ဦး၊ ဖေဖော်ဝါရီလမှာ၂၀၀ ဦးနဲ့ မနေ့ မတ်လ ၁၈ရက်မှာ ၁၀၀ ကျော် စုစုပေါင်း ၁၁၃၀ ကျော်ဖြစ်ပါတယ်။
MNDAA က ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာ ကွတ်ခိုင်ကနေ ၁၀၅ မိုင်အထိ ပြည်ထောင်စုလမ်းမပေါ်ရှိ TNLA တပ်စခန်းတွေကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၆ ရက်မှာပဲ စစ်ကောင်စီနဲ့ လားရှိူးမြို့ဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။
ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းတပ် – TNLA တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး လက်နက်သိမ်းတာ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့တစ်ဖက်မှာပဲ ကိုးကန့်တပ်က အခုလို စစ်ကောင်စီစစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။