ရွှေဖီမြေ၊ ဇန်နဝါရီ ၁၅ ရက်
ရှမ်းမြောက် သီပေါနဲ့ မိုင်းရယ်မြို့နယ်ထဲက ကျပ် ၁၅၀၀ ဘီလျံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေကို ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာဟာ တရုတ်နိုင်ငံရဲ့ အကူအညီအများကြီးပါဝင်တယ်လို့ စစ်ကောင်စီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
“မူးယစ်ဆေးဝါး ဖမ်းဆီးရမှုနဲ့ ပက်သက်ပြီးတော့ကျ အနှစ်ချုပ်ကလေးပြောမယ်။ အမှန်တကယ်တော့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံရဲ့ သတင်းဖလှယ်မှု အပြည့်အဝပါရှိပါတယ်” လို့ သတင်းရှင်းလင်းခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၁၁ ရက်အထိ ၃ ရက်အတောအတွင်းမှာ ရှမ်းမြောက် သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်ထဲက မူးယစ်ဆေးဝါး ချက်လုပ်တဲ့ နေရာ ၃ ခုထက်မနည်းကို ဝင်ရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ဝင်ရောက်ရှင်းလင်းခဲ့တဲ့ သီပေါမြို့နယ် နားလင်းကျေးရွာအနီး၊ မိုင်းရယ်မြို့နယ် မန်ဖျက်ကျေးရွာနဲ့ ပုံတက်ကျေးရွာအနီးတွေဝန်းကျင်မှာ စစ်ကောင်စီတပ်၊ မိုင်းဟပြည်သူ့စစ်နဲ့ SSPP/SSA တပ်ဖွဲ့တွေသာ လှုပ်ရှားကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီဖက်က အဲဒီမူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ SSPP တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။