လွေးထွေး၊ ဇန်နဝါရီ ၉ ရက်
စောနယ်ဓါးမြ ဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA ရဲ့ ကော်သူးလေအစိုးရဖွဲ့စည်းပြီး ကော်သူးလေထူထောင်ကြောင်းနဲ့ ကော်သူးလေလွတ်လပ်ရေးနေ့ ကြေညာချက်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပတ်သတ်မှုမရှိကြောင်း KNU က မနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၅ ရက်က KTLA ရဲ့ ကြေညာချက်ဟာ ကရင်အမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ထင်ဟပ်မှု မရှိသလို ပကတိအရှိတရားတွေနဲ့လည်း လျှော်ညီမှုမရှိကြောင်း KNU က ဆိုပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ကော်သူးလေအိမ်မက် ဆိုတာကကျနော်တို့ဖက်က တရားဝင်ထုတ်ဖေါ်ပြောပြီးသားပါ။လိုအပ်တဲ့ပြင်ဆင်မှုအားလုံးကိုလည်းကြိုးစားလုပ်ဆောင်နေဆဲပါ၊၊ အရေးကြီးဆုံးအချက်က ကိုယ့်ရဲ့အိမ်မက်က အားလုံးနဲ့သဟဇာတဖြစ်ဖို့လိုအပ်နေသလို သဘောတရားသက်သက်မဟုတ်ဘဲတကယ်လက်တွေ့ကျပြီးအလုပ်ဖြစ်ဖို့လည်းလိုနေပါတယ်။ ရိုးရိုးလေးပြောရမယ်ဆိုရင်တော့ လေထဲမှာဘယ်တော့မှတိုက်ဆောက်လို့မရပါဘူးခင်ဗျ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စည်းကမ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်တာကြောင့် စောနယ်ဒါးမြကို ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း KNDO ရဲ့ စစ်ဦးစီးချုပ် ရာထူးကနေ KNU က အဖွဲ့ကနေ ထုတ်ပယ်ခဲ့ပြီး KTLA ကို ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ကော်သူးလေဆိုတဲ့ အမည်ကို အလွဲသုံးစားလုပ်ပြီး ကရင့်တော်လှန်ရေးနဲ့ ကရင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။