ပျားကြီး၊ ဇန်နဝါရီ ၅ ရက်၊ ရန်ကုန်
ဦးသိန်စိန်ရဲ့ စစ်တစ်ပိုင်း အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်ကို စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) မှာ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးရဲထွဋ်နဲ့ နီးစပ်သူတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဟာ အာဏာသိမ်းစစ်ကောင်စီကို လူမှုကွန်ရက် Facebook စာမျက်နှာကနေ ဝေဖန်ရေးသားမှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
“မနေ့ကပဲ အိမ်ပြန်ရောက်တယ်။ လောလောဆယ်အနားယူဖို့ စီစဥ်ထားတယ်။ အခုတော့ ဒီလောက်ပဲ ပြောလို့ရပါမယ်”လို့ ဦးရဲထွဋ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅ – က၊ ပုဒ်မ ၁၂၄ – က စတဲ့ ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဥ်းသားပေါင်း ၆၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပေမဲ့ မတရားဖမ်းဆီး ထောင်ချခံထားရတဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကိုတော့ ပြန်လွှတ်ပေးခဲ့တာ မရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားတဲ့ စာရင်းအရ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ လက်ရှိအချိန်ထိ အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၂,၆၈၂ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။