ရွှေဖီမြေ၊ ဇွန်လ ၂၄ ရက်၊ ကန့်ဒေါင့်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးပြီး အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄ ဦးကို အရှင်ဖမ်းမိထားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က မနေ့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၄ ဦးထဲက တစ်ဦးဟာ အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ မောင်နေထက်လင်း ပါဝင်ပြီး သူတို့တွေဟာ စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ စုဆောင်းခံရတာနဲ့ ပေါ်တာဆွဲခံရတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မောင်နေထက်လင်းဟာ ရန်ကုန်မြို့အတွင်းမှာ အကင်ရောင်းနေစဉ်မှာ စစ်ကောင်စီတပ်က တပ်သားအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး တောင်ကြီးမြို့ရှိ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပို့ဆောင်ခံထားရတာလို့ PLA ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ၎င်းက ဖြေဆိုထားပါတယ်။
သူတို့တွေထဲက ဒဏ်ရာရရှိထားသူတွေကို ဆေးကုသ ပေးနေပြီး စစ်သားဂုဏ်သိက္ခာနဲ့အညီ စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းထားတယ်လို့ PLA ဘက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း အဲဖက်ကို ဗုံးကြဲဖို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို PLA က ပစ်ချနိုင်ခဲ့ပါတယ်။
ကန့်ဒေါင့်ရွာရှိ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ စခန်းထိုင်ထားတဲ့ ရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကစပြီး PLA နဲ့ ပူးပေါင်းတပ်တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။