ပျားကြီး၊ ဇွန်လ ၂၈ ရက်၊ ဆားလင်းကြီး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံးပြည်သူ ၄ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၂၈ ရက် မနက် ၉ နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
“န.မ.ခ ကတက်လာတဲ့ ပါရာမော်တာ ၂ စီးနဲ့ ကြဲသွားတာပဲ။ ၄ ဦး ပွဲချင်းပြီးသေသွားတယ်”လို့ အသက် ၅၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ချင်းတွင်းမြစ်အတွင်းကနေ လက်ပံတောင်းတောင်ဒေသက ထွက်ရှိတဲ့ ကြေးနီတွေနဲ့ သစ်တွေခိုးထုတ်ဖို့အတွက် မြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ၁၄ စီးပါ ဖလက်သံခွန်သင်္ဘောအုပ်စုကို စက်တပ်လေထီးတွေက လိုက်လံစောင့်ကြည့်ပေးရင်း ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြစ်ကမ်းအနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကထောင်နဲ့ ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။