ယာရူစိင်၊ ဇွန်လ ၁၄ ရက်၊ တောင်ကြီး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့မှာ အင်္ဂလိပ်စာတွေနဲ့ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်တွေကို စစ်ကောင်စီတပ်က မြန်မာစာနဲ့ ပြောင်းတပ်ဆင်ခိုင်းနေတယ်လို့ တောင်ကြီးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က တောင်ကြီးမြို့ရှိ ဌာနဆိုင်ရာတွေက ရပ်ကွက်အလိုက် လိုက်လံပြောကြားထားတာပဲ ဖြစ်ပါတယ်။
“တောင်ကြီးမြို့ထဲမှာပဲ မြန်မာစာနဲ့ ပြန်တပ်ခိုင်းတာဖြစ်မယ်ဗျ။ ကျေးရွာဘက်တွေမှာတော့ မသိဘူး။ အများသိအောင် ထုတ်ပြန်ထားတာတော့ မရှိဘူး။ ဒီတိုင်း သက်ဆိုင်ရာဌာနက လူတွေပဲ ရပ်ကွက်အလိုက် ပြောထားတာပဲ ရှိတယ်။ မြန်မာစာကို ပြန်မပြောင်းရင်တော့ ဘာပြစ်ဒဏ်ပေးမယ်ဆိုတာတော့ ပြောတာ မရှိဘူးဗျ။ ခြိမ်းခြောက်ထားတာမျိုးလဲ မရှိဘူးပေါ့”
စစ်ကောင်စီက အင်္ဂလိပ်စာကို မြန်မာစာနဲ့ ပြန်လည်ပြုပြင်ခိုင်းထားအပေါ်မှာ ဒေသခံတစ်ဦးအနေနဲ့ ကန့်ကွက်ကြောင်းကို တောင်ကြီးမြို့ခံ တစ်ဦးက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်က ပြန်ပြင်ခိုင်းတဲ့ စာကို လာမယ့် ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ပြုပြင်ခိုင်းတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ကြီးမြို့ရှိ စျေးဆိုင်၊ ဖုန်းဆိုင်၊ င်္အကျီဆိုင်တွေအပြင် အင်္ဂလိပ်စာနဲ့ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်တွေကို မြန်မာစာနဲ့ ပြန်လည်တပ်ဆင်ခိုင်းတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။