ခိုင်လေး၊ မေလ ၂၅ ရက်၊ ရွှေကျင်
ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ရွှေကျင်မြို့နယ်ထဲက မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဒီနေ့ မေလ ၂၅ ရက် မနက် ၈ နာရီ ၅၅ မိနစ်ခန့်က ကျွန်းကြီးရွာမှာ ဒေသခံတွေ မင်္ဂလာပွဲ ကျင်းပနေချိန် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
”အချိန်က ၈ နာရီ ၅၅ မိနစ်။ ၈ ယောက် သေ၊ ဒဏ်ရာရတဲ့ မ ၂ ယောက်က စိုးရိမ်ရ၊ ၇ ယောက်က မစိုးရိမ်ရ။ သေတဲ့အထဲ ကလေးငယ်တွေလည်း ပါတယ်။ လာကြဲတဲ့ ဗုံးအမျိုးအစားတော့ မသိရသေးဘူး”
ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီအခြေစိုက်စခန်းတွေကို ကရင်တပ်မတော်- KNU/KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မေလ ပထမအပတ်ကတည်းက တိုက်ပွဲ ပြင်းထန်နေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ရွှေကျင်မြို့နယ် သံဆိမ်စခန်းကနေ စစ်တပ်က ကျေးရွာတွေဘက် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
အလားတူ မေလ ၂၃ ရက်ကလည်း စစ်ကောင်စီရဲ့ ခမရ(၃၀၇)ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မတောကုန်းရွာထဲက ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ (၃)က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။