ပျားကြီး၊ ဇွန် ၂၇၊ မန္တလေး
မန္တလေးတိုင်း၊ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးဟာ ဒီနေ့ မနက်အစောပိုင်းက အိုးဘိုထောင်တွင်းမှာ ရုတ်တရက်အမောဖောက်ပြီး ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်ကျော်ဦးဟာ ဒီနေ့မနက် ဇွန်လ ၂၇ ရက် မနက် ၇ နာရီဝန်းကျင်က ထောင်တွင်းမှာ ရုတ်တရက်အမောဖောက်လာတာကြောင့် ထောင်ဆေးရုံကိုပို့ဆောင်ခဲ့ပေမဲ့ မနက် ၉ နာရီဝန်းကျင်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
“အလောင်းကတော့ ပြန်မပေးသေးဘူး။ ပြန်ပေးမယ့်ပုံလည်းမပေါ်ဘူး။ မိသားစုတွေကတော့ စောင့်နေတာပေါ့။ လွတ်ကာနီးမှ အခုလိုဖြစ်သွားတာ”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက်မှာ မန္တလေးတိုင်းလွှတ်တော်ဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ ဦးအောင်ကျော်ဦးဟာ ပုသိမ်ကြီးမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ ကနေဝင်ရောက်ရွေးချယ်ခံခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။
ဦးအောင်ကျော်ဦးကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက မတရားဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅(က)၊ သဘာဝဘေးဥပဒေပုဒ်မ ၂၅ တို့နဲ့ တရားစွဲဆိုပြီး အိုးဘိုထောင်မှာထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်း NLD ပါတီခေါင်းဆောင်တစ်ဦးကဆိုပါတယ်။
ကွယ်လွန်ချိန်မှာ ထောင်ကလွတ်မြောက်ဖို့ လပိုင်းပဲလိုတော့တာဖြစ်ပြီး သင်္ဂြိုလ်မယ့်နေ့ရက်ကိုလတ်တလော အတည်မပြုရသေးဘူးလို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။