ရဲမာန်၊ ဇွန်လ ၁၂ ရက်၊ ဖယ်ခုံ
ရှမ်းတောင် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်- PNO စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က စစ်တပ်နဲ့ PNO ဟာ ဖယ်ခုံအရှေ့ဘက်ခြမ်းရှိ လွယ်ပေါ၊ ဆောင်နန်းခဲ၊ နမ့်ပေါ်လုံနဲ့ ပိန္နဲကုန်းရွာတွေဘက် စစ်ကြောင်းထိုးလို့ ဒေသခံ ၁,၇၀၀ ကျော်ဟာ စစ်ရှောင်နေကြရပြီး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ၎င်းအမျိုးသမီးက ပြောပါတယ်။
“စစ်ရှောင်ဖို့အတွက် တချို့ ငွေတတ်နိုင်တဲ့လူတွေက ကားငှားတယ်။ မတတ်နိုင်တဲ့သူတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးနေရတယ်။ စားဝတ်နေရေးလည်း အရမ်းခက်ခဲတယ်”
မိုးတွင်းဖြစ်တဲ့အတွက် မိုးကာနဲ့ စားနပ်ရိက္ခာ ဝယ်ယူသုံးစွဲဖို့ ငွေကြေး မလုံလောက်တဲ့အတွက် အကူအညီ လိုအပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ရှောင်ထဲ အမျိုးသား ၈၁၆ ယောက်နဲ့ အမျိုးသမီး ၈၈၆ ယောက်ရှိပြီး မိုးဗြဲ အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေရတယ်လို့ သူမက ဆိုပါတယ်။
“တိုက်ပွဲတော့ မဖြစ်သေးဘူး။ စစ်ကြောင်းနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ နေအိမ် ပျက်စီးတဲ့အပြင် လူသေဆုံးတာတွေရှိလို့ စစ်ရှောင်နေရတာ” ဆိုပြီး အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်ကလည်း လက်နက်ကြီး ပစ်ခတ်လို့ ဖယ်ခုံ အရှေ့ဘက် နမ့်ပေါ်လုံရွာက ၁၂ တန်း ကျောင်းသား သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။