အိုက်ပွီး၊ ဇူလိုင်၂၆ ရက်၊ ကျောက်တော်
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်မှုမှာ အမျိုးသမီးတစ်ဦး ဓားထိုးသတ်ခံရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်၊ ကြာသပတေးနေ့ညမှာ ပြိန်းချောင်းကျေးရွာက နေအိမ်တစ်ခုမှာ အမျိုးသမီးတစ်ဦးက တစ်ယောက်တည်း အိပ်နေစဥ် ဓားပြအတိုက်ခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
“ညဘက်ဆို အဒေါ်က အိမ်မှာတစ်ယောက်တည်း အိပ်တာပါ။ ဦးလေးက နွားခြံမှာ အိပ်တယ်။ သားတစ်ယောက်က ရွာမှာ အိမ်ထောင်ကျပြီး အိမ်ခွဲနေတယ်။ ဘယ်အချိန်လောက် ဓားပြတိုက်ခံရပြီး အသတ်ခံရတာလဲ မသိဘူး။ မနက် ၇ နာရီလောက်မှာ ဦးလေး နွားခြံကနေ ပြန်လာမှ သေဆုံးတဲ့အလောင်းပဲ တွေ့ရတယ်။” လို့ သေဆုံးသူ မိသားစုဝင်နဲ့ နီးသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဓားပြတိုက်ခံရပြီး သေဆုံးသူမှာ အသက် ၆၂ နှစ်အရွယ် ဒေါ်ဝင်းနုယဥ်ဖြစ်တယ်လို့ သိရပြီး ၎င်းဟာ လည်ပင်း၊ ရင်ဘတ် စတဲ့နေရာတွေမှာ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီဓားပြတိုက်ခံရမှုကြောင့် ရွှေနားကပ်တစ်ရံ၊ ၁၀ သိန်းတန် ရွှေလက်စွပ်တစ်ကွင်း၊ နှစ်ကျပ်သား ရွှေဆွဲကြိုးတစ်ကုံး၊ ဖုန်းတစ်လုံး၊ တစ်ကျပ်သား ရွှေလက်ကောက် တစ်ကွင်း၊ ငွေကျပ် သုံးသိန်း ပါသွားတယ်လို့ သိရပါတယ်။
ဓားပြအတိုက်ခံရတာနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ အုပ်ချုပ်ရေးအဖွဲ့ထံ တိုင်ကြားထားပြီး တရားခံကို ဖမ်းမိနိုင်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။
“AA ဆီတော့ တိုင်ကြားထားပါတယ်။ တရားခံကို အမြန်ဆုံးဖမ်းမိပြီး အပြစ်ပေးအရေးယူပေးဖို့ပါ။ လောလောဆယ် တရားခံကို ဖမ်းမမိသေးပါဘူး။ လွတ်မြောက်နေသေးပါတယ်။” လို့ အသတ်ခံရတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အသတ်ခံရတဲ့ ဒေါ်ဝင်းနုယဥ်ရဲ့ အလောင်းကို မနေ့ ဇူလိုင်လ ၂၅ ရက်မှာ သဂြိုလ်လိုက်ပြီးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်ကလည်း ကျောက်တော်မြို့နယ်၊ ကွမ်းအုံကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံရပြီး ရွှေ ၁၀ ကျပ်သားကျော်နဲ့ ငွေသားတွေ ပါသွားတယ်လို့ သိရပါတယ်။
AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့အပါအဝင် မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ်မှာလည်း ဓားမြတိုက်၊ လုယူမူတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“မြောက်ဦး – ကျောက်တော် ကြားမှာဆို ခဏခဏ ဓားပြတိုက်ခံရတယ်။ ငွေလုခံရတယ်။ အခုနောက်ပိုင်း ဆိုင်ကယ်တွေပါ အခိုးခံရတယ်။ မင်းပြားဘက်လည်း အဲလိုခဏခဏ ကြားတယ်။ အခုဆို ညပိုင်း အပြင်တွေတောင် မထွက်ရဲကြတော့ဘူး။ ပိုဆိုးလာတယ်။ အရင်က ဒီလိုမရှိဘူး။” လို့ မြောက်ဦးမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဓားမြတိုက်၊ ခိုးလုယူမူတွေကို ပိုင်ရှင်တွေက AA ထံ တိုင်ကြားထားပေမယ့် တရားခံတွေကို ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။