လွေးလာဝ်ဇာရ်၊ နိုဝင်ဘာ ၉ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာက လမ်းမကြီးပေါ်မှာ အမျိုးသမီးတစ်ဦး မိုင်းစ ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဖားကန့်ဒေသခံ Tarlin Mg ဆီက သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၉ ရက် မနက် ၁၁ နာရီမှာ မှော်စီစာရွာအောက်က ဘုန်းကြီးကျောင်းအနီးမှာ စစ်တပ်ရဲ့ကားကို မိုင်းဆွဲတိုက်ခိုက်ချိန် ကားနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ ကပ်ပါလာတဲ့ အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ကာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသခံ Tarlin Mg က “နင်းမိတာ မဟုတ်ဘူး။ စကမ ကားကို မိုင်းဆွဲချိန် မိုင်းစ ထိတာ။ စကမအုပ်စု ကားနောက် ဆိုင်ကယ်နဲ့ ကပ်ပါလာတဲ့အချိန် မိုင်းစ ထိခဲ့တာ” လို့ ပြောပါတယ်။
ဆိုင်ကယ်နဲ့ စစ်တပ်ရဲ့ကားနောက် ကပ်ပါလာတဲ့ အမျိုးသမီးဟာ အသက် ၂၀ အရွယ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၈ ရက်မှာလည်း စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ယူမာရွာက ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ နောက်ထပ် ဒေသခံတစ်ဦးဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က မရှီကထောင်ရပ်ကွက်နဲ့ ယူမာရွာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။