ပျားကြီး၊ မတ်လ ၂၉ ရက်၊ မန္တလေး
မန္တလေးမြို့တစ်ခုလုံး ငလျင်ဒဏ် ခံနေရချိန် မဟာအောင်မြေမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ လူငယ်တွေကို လိုက်လံ ခေါ်ယူနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ်ပိုင်းမှာ မဟာအောင်မြေမြို့နယ်ထဲက ရပ်ကွက်တွေထဲ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့ မဲပေါက်ခဲ့သူ လူငယ်တချို့ကို အိမ်တိုင်ရာရောက် လာရောက် ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
“တစ်မြို့လုံး ငလျင်ဒဏ်နဲ့ မြို့ပျက်ကြီးလိုဖြစ်နေရတဲ့ကြားထဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးဖို့ နေနေသာသာ စစ်မှုထမ်းဖို့လူလိုက်ခေါ်နေတယ်။ ကိုယ်ချင်းစာတရားခေါင်းပါးလွန်းတယ်” လို့ မဟာအောင်မြေမြို့နယ်မှ အသက် ၄၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့လယ်ပိုင်းက စစ်မှုထမ်းဖို့ လာရောက် ခေါ်ယူခံရတဲ့ လူငယ် အရေအတွက်ဟာ အနည်းဆုံး ၁၂ ဦးထက်မနည်း ရှိခဲ့တယ်လို့ ရွှေဖီမြေက စာရင်းရရှိထားပြီး နောက်ရက်မှာလည်း ဆက်လက် ခေါ်ဆောင်ဖို့ ရှိတဲ့အကြောင်း ရပ်ကွက်တွေထဲ ပြောဆိုမှုလည်း ပြုလုပ်သွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်မှုထမ်းဖို့ လာရောက် ခေါ်ဆောင်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်အပြင် ပသစတံဆိပ်တပ်ဆင်ထားတဲ့ စစ်ဝတ်စုံ ဝတ်ဆင်ထားသူနဲ့ အရပ်ဝတ် လက်နက်ကိုင်ထားသူတွေက စစ်ဆင်ရေးပုံစံမျိုးနဲ့ လာရောက် ပြုလုပ်ခဲ့ကြတာကိုလည်း ရွှေဖီမြေရဲ့ သတင်းအရင်းအမြစ်က ပြောဆိုပါတယ်။
မနေ့ နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးမြို့မှာ နေအိမ်အဆောက်အဦးပေါင်း ထောင်နဲ့ချီ ပြိုကျပျက်စီးခဲ့ပြီး ည ၈ နာရီအထိ ရရှိထားတဲ့ သတင်းတွေအရ သေဆုံးသူ ၁ ထောင်ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။