အင်းငယ်၊ ဩဂုတ် ၆ ရက်၊ အင်းလေး
ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ရေတက်နှုန်း မြင့်နေပြီး ရေပေါ်ကျေးရွာထဲက လူနေအိမ် ၂၀၀ ကျော်ထဲ ရေ စတင်ဝင်ရောက်လာတာကြောင့် နေရာရွှေ့ပြောင်းနေရပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ဝန်းကျင်ကတည်းက ကလော၊ ညောင်ရွှေ၊ ပင်လောင်း စတဲ့မြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အင်းလေးကန်အတွင်းကို ရေတွေ စုပြုံဝင်ရောက်လာပြီး နေ့စဉ်နဲ့အမျှ ရေတက်နှုန်း မြင့်နေတာကြောင့် ရေကြီးရေလျှံမှု နောက်ထပ် ကြုံလာရနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
အင်းလေးဒေသရှိ ခရမ်းချဉ်သီး စိုက်ပျိုးသူက “အိမ်တော်တော်များများက ကြမ်းခင်းနဲ့ မလွတ်တော့ပါဘူး။ ရေဝင်နေလို့ ဝါးစင်လေးတွေ လုပ်ထားရတယ်။ ရေတက်လာတော့ ငလျင်ကတည်းက ယိုင်နေတဲ့ အိမ်တွေကို လှိုင်းတွေ လာပုတ်တော့ ပိုပျက်စီးတယ်။ တိုင်တွေ ရေနစ်လာတော့ ဆွေးလာတယ်။ ညဖက်ဆို ရုတ်တရက် တက်လာမလား လန့်နေရတယ်” လို့ ပြောပါတယ်။
လက်ရှိ အခြေအနေအရ ဖောင်တော်ဦးဘုရားရင်ပြင်နဲ့ ဘုရားအနီးတစ်ဝိုက် ကုန်းပေါ်ရွာတွေမှာလည်း လူသွားလမ်းတစ်လျှောက် ရေ ဝင်ရောက်နေပြီး စာသင်ကျောင်း အများစုဟာလည်း လာမယ့် ရက်ပိုင်းအတွင်း ရေတက်နှုန်း မရပ်ခဲ့ရင် အောက်ထပ် ရေ ဝင်ရောက်လာနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့်လည်း အင်းလေးဒေသမှာ ရွှံ၊ နွံ၊ နှုန်းမြေတွေ ဝင်ရောက်လာပြီး လက်ရှိ ကြုံနေရတဲ့ ၂၀၂၅ ခုနှစ်အတွင်း ရေကြီးရေလျှံမှု ပိုဆိုးလာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
အင်းလေးဒေသမှာ ၅ ရက်တစ်ဈေး လှည့်ပတ်ရောင်းချနေသူတစ်ဦးက “ဒီထက် တက်လာမယ်ဆိုရင် စိုးရိမ်စရာတော့ ရှိပေမဲ့ သွားရေးလာရေးက နည်းနည်းတော့ ပိုအဆင်ပြေသွားမှာပေါ့နော်။ အခုက ရွာလမ်းတွေမှာ ရေ ဝင်နေတော့ လှေနဲ့သွားလည်း မရ။ လမ်းလျှောက်တော့လည်း ဒူးလောက်အထိ ကူးနေရတယ်။ ဒီထက် ထပ်တက်ရင် ဈေးတွေပါ ပိတ်ရတော့မယ်” လို့ ပြောပါတယ်။
အင်းလေးဒေသမှာ ပြီးခဲ့တဲ့နှစ် ရေကြီးရေလျှံမှုအပြင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က ကြုံခဲ့ရတဲ့ ငလျင်ဒဏ်တွေကြောင့် အိမ်ခြေ ၂၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒါ့အပြင် တောင်သူတွေရဲ့ စိုက်ခင်းဧက ၃ သောင်းကျော်လည်း နစ်မြှုပ်ပျက်စီးခဲ့ပြီး လက်ရှိ ကာာလမှာလည်း ကျွန်းမျှောစိုက်ခင်းအများစုဟာ ရေ စတင်ဝင်ရောက်လာတာကြောင့် စားဝတ်နေရေး ခက်ခဲလာမှာကို စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။