ပျားကြီး၊ ဇူလိုင် ၂၂ ရက်၊ မန္တလေး
မန္တလေးမှာ စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့အတွက် မဲနှိုက်မှုကို မြို့လုံးကျွတ်နီးပါး ပြုလုပ်ခဲ့ပြီး အသက်သေဆုံးသူနဲ့ မသန်စွမ်းတွေအတွက်ပါ မဲနှိုက်မှု ပြုလုပ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းကစပြီး မြို့နယ် ၇ မြို့နယ်က ရပ်ကွက်တိုင်းနီးပါးမှာ မဲနှိုက်မှုခဲ့တာဖြစ်ပြီး အမှတ်စဉ်အလိုက် သင်တန်းတစ်ခုကို လူ ၅ ယောက်နှုန်းနဲ့ ခေါ်ယူဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။
“လ.ဝ.ကစာရင်းနဲ့ လုပ်တာဖြစ်လို့ သေတဲ့သူနဲ့ မသန်စွမ်းတွေ ပါနိုင်တယ်။ ဒါပေမဲ့ မဲနှိုက်စရာရှိတာ နှိုက်သွားပါ။ ခေါ်တဲ့အချိန်ကျ အထောက်အထားနဲ့ တင်ပြရင် ပြန်ပယ်ဖျက်ပေးမယ်ဆိုပြီးပြောပြီး မဲနှိုက်ခိုင်းတာပဲ။ ခေါ်တဲ့အချိန် မတွေ့ရင်တော့ ဖမ်းဝရမ်း ထုတ်ပြီး တွေ့တဲ့နေရာမှာ ဖမ်းမယ်တဲ့” လို့ ကိုယ်တိုင် မဲနှိုက်ခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ မဲနှိုက်ရသူတွေဟာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၆ ကစပြီး နံပါတ်စဉ်အလိုက် သင်တန်းအမှတ်စဉ်တစ်ခုကို ၅ ယောက်နှုန်းနဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုလို စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့အတွက် မဲနှိုက်ခဲ့ရတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေဟာ တစ်ရပ်ကွက်ကို အနည်းဆုံး ၈၀၀ ကနေ ၃ ထောင်ကြားအထိ ရှိနေပြီး တစ်မြို့လုံး အတိုင်းအတာအရ လူပေါင်း ၅ သောင်းကျော်အထိ ရှိတယ်လို့ မန္တလေးမြို့ခံ သတင်းသမားတစ်ဦးက ပြောဆိုပါတယ်။
လက်ရှိ မဲနှိုက်မှုမှာ နံပါတ်စဉ် ၁ ကနေ ၅ အထိ မဲပေါက်ထားသူတွေကို မကြာခင်ရက်ပိုင်းအတွင်း ဆင့်ခေါ်သွားမယ်ဆိုတာ အသိပေးထားတယ်လို့ ကိုယ်တိုင် မဲပေါက်ထားသူတစ်ဦးက အတည်ပြု ပြောဆိုခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။