လွေးလာဝ်ဇာရ်၊ ဧပြီ ၂၃ ရက်၊ မိုင်းယော်
ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာအုပ်စု မန်ကြူရွာက သာသနာ့ပိုင်မြေထဲ ကချင်တပ်မတော်- KIA က တပ်စခန်း ချထားမှုအပေါ် ရွာခံတွေက ကန့်ကွက်နေကြပါတယ်။
မန်ကြူရွာရဲ့ ဘုန်းကြီးကျောင်းအထက်ကုန်းက သာသနာ့ပိုင်မြေထဲ KIA က ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ တပ်စခန်းအဖြစ် ဆောက်လုပ်နေပြီး ဧပြီ ၁၁ ရက်မှာ မန်ကြူရွာခံအားလုံးက တပ်နေရာ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
မန်ကြူဒေသခံတစ်ဦးက “သူတို့တပ်စခန်း ချတဲ့နေရာက ကျနော်တို့ရဲ့ သာသနာ့နယ်မြေ ဖြစ်နေတာ။ ရွာသားတွေအပြင် သံဃာတော်တွေလည်း သူတို့ကို မနေစေချင်ဘူး။ တစ်ခြားနေရာဆိုရင် မပြောလိုပါဘူး။ အခုဟာ ဘုန်းကြီးကျောင်းအပေါ်က သာသနာ့ပိုင်မြေ ဖြစ်နေတော့ ဘယ်သူမှ ခွင့်မပြုဘူး။ သူတို့ကို နေရာပြောင်းရွှေ့ပေးဖို့ တောင်းဆိုတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာလည်း ရွာခံတွေက KIA ထံ ကန့်ကွက်စာ ထပ်မံ ပို့ခဲ့ပေမဲ့ ဒီနေ့အထိ KIA ဘက်က ပြောင်းရွှေ့ပေးတာ မရှိသေးဘူးလို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
“သူတို့အဲလိုမျိုး စခန်းလာချတော့ ကျနော်တို့ ရွာအတွက်ရော ဘုန်းကြီးအတွက်ပါ အန္တရာယ် ဖြစ်မှာဆိုးလို့ သူတို့ကိုနေဖို့ ခွင့်မပြုတာ။ သူတို့ကိုလည်း တောင်းဆိုတယ်။ ကန့်ကွက်စာလည်း တင်တယ်။ အခုထိ မပြောင်းရွှေ့ပေးသေးဘူး”
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုန့်ပြန်ချက် သိရဖို့ KIO/KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ရွှေဖီမြေက ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။