ရွှေဖီမြေ၊ သြဂုတ် ၂၀ ရက်၊ ပန်ဆန်း
တအာင်းတပ်- TNLA၊ ရှမ်းတပ်- SSPP နဲ့ ကိုးကန့်တပ်- MNDAA တွေကို စစ်ရေးနဲ့သက်ဆိုင်တဲ့ လက်နက်နဲ့ငွေကြေး ကူညီပေးမှာ မဟုတ်တော့ဘူးလို့ “ဝ”တပ်ဖွဲ့- UWSA က ဒီနေ့ သြဂုတ် ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်လာပါတယ်။
TNLA၊ MNDAA နဲ့ SSPP ကိုယ်စားလှယ်တွေကို UWSA က ဝဒေသ ပန်ဆန်းမြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဝပြည်နယ် ငြိမ်းချမ်းရေး ရပ်တည်ချက်နဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် စစ်ရေးနဲ့သက်ဆိုင်တဲ့ လက်နက်ခဲယမ်း၊ ငွေကြေးတွေကို ကူညီပေးမှု မပြုလုပ်တော့ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို PSLF/TNLA ဘက်က ဒုဥက္ကဌ ၂ ဗိုလ်ချုပ် တားခူလန်း၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ “ဝ”တပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသလို စစ်တပ်နဲ့လည်း အပစ်ရပ်ထားပြီး ထိတွေ့ဆက်ဆံမှု ရှိနေတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာလည်း ဘက်မလိုက်တဲ့ မူဝါဒကို ကိုင်စွဲထားတယ်လို့ UWSA ဘက်က မကြာခဏ ထုတ်ပြောထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို UWSA ဘက်က စစ်ရေးကူညီမှု ရှိနေတယ်လို့ ပြောဆိုကာ တရုတ်ရဲ့ ဖိအားပေးမှု ရှိလာပြီး “ဝ”ဒေသနဲ့ တရုတ်နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ပင်ခဲ့ပါတယ်။
လက်ရှိမှာ MNDAA နဲ့ SSPP ဟာ စစ်တပ်နဲ့ အပစ်ရပ်ထားပြီး TNLA တစ်ဖွဲ့တည်းသာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ခံနေရပြီး တအာင်းတပ် ထိန်းချုပ်ဒေသကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။