မိုင်းဖိူမ်းဆငဲ၊ ဒီဇင်ဘာ ၂၇ ရက်၊ ဟိုပန်
“ဝ” တပ်- UWSA ထိန်းချူပ်ထားတဲ့ ဟိုပန်မြို့မှာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ကျူးလွန်သူကို “ဝ” ပြည်တရားစီရင်ရေးဌာနက သေဒဏ်ပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
သတင်းရင်းမြစ်တစ်ဦးက “အဲဒီလူသတ်မှုက ပြီးခဲ့တဲ့ ၁၁ လပိုင်းကတည်းဖြစ်တာ။ ရက်အတိအကျတော့ မမှတ်မိဘူးကော” လို့ဆိုပါတယ်။
လူသတ်မှု ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ ရက်အတိအကျကို သိရခြင်းမရှိပေမဲ့ အဲဒီလူသတ်မှု ကျူးလွန်သူကို ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်း လူမြင်ကွင်းရှေ့မှာ “ဝ” တရားစီရင်ရေးဌာနက သေဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဟိုပန်မြို့အလုပ်လာလုပ်ကြတဲ့ စိုင်းအောင်လင်းဦးနဲ့ ကိုကျော်လွင်တို့နှစ်ဦးဟာ စကားအချေအတင်ဖြစ်ပွားရာကနေ စိုင်းကျော်လင်းဦးက ကိုကျော်လွင်ရဲ့ဦးခေါင်းကို သေတဲ့အထိ ထုနှက်ခဲ့ပါတယ်။
ဒေသတွင်းသတင်းဌာန တစ်ခုဖြစ်တဲ့ “ဝ” လူငယ့်အသံဖော်ပြချက်အရ ကျူးလွန်သူ စိုင်းအောင်လင်းဦးဟာ အသက် ၂၄ နှစ်အရွယ်ရှိ နောင်ချိုမြို့နယ်ဇာတိက လူငယ်ဖြစ်ပြီး အသတ်ခံရသူဟာ အသက် ၃၅ နှစ်အရွယ်ရှိ မိုင်းမောမြို့ဇာတိက တအာင်းလူမျိုးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
သေဒဏ်ချမှတ်ခံခဲ့ရတဲ့ စိုင်းအောင်လင်းဦးဟာ နောက်ဆုံး သေဒဏ်မချမှတ်ခင်မှာ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်ရှိမရှိကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။