လွေးထွေး၊ ဇွန်လ ၄ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့ပေါ်မှာ ဌာနဆိုင်ရာ၊ အရပ်သားနဲ့ သံဃာတော်တွေ စီးတဲ့ကား၊ ဆိုင်ကယ်တွေကို စစ်ကောင်စီနဲ့ ယာဉ်ထိန်းရဲတွေက ပူးပေါင်းဖမ်းဆီးနေတယ်လို့ တောင်ကြီးရောက် အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မေလ နောက်ဆုံးပတ်ကစပြီး မနေ့ ဇွန်လ ၃ ရက်အထိ ကိုးမြို့ရှင်နတ်နန်း အနီးက မီးပွိုင့် ၊ ဘုရားဖြူအတက်၊ စနိုးဝှိုက် ဆေးခန်းရှေ့၊ မြင်းရုပ်အနီး အနောက်မြို့ပတ် လမ်းစတဲ့နေရာတွေမှာ လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။
အမျိုးသားတစ်ဦးက “မနေ့က မြို့လယ်အနီးမှာ တွေ့လိုက်တယ်။ သွားလာတဲ့ကားတွေ ဆိုင်ကယ်တွေ တားပြီး ရပ်ခိုင်းတယ်။ စစ်တယ်ပေါ့။ လိုင်စင်ရှိတဲ့ဟာတွေဆို သွားခိုင်းတယ်။ မပါရင်တော့ သပ်သပ်နေရာချခိုင်းတယ်” လို့ ပြောပါတယ်။
လိုင်စင်မဲ့ယာဉ်တွေကို လိုက်ဖမ်းနေတယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံလူထုတွေက သူတို့ရဲ့ ယာဉ်တွေကို နီးစပ်ရာ ဘုန်းကြီကျောင်းကို ပို့ဆောင်ထားပေမဲ့ ဘုန်းကြီးကျောင်းတွေထဲထိပါ ဝင်စစ်တာကြောင့် လားရှိုးကနေ တောင်ကြီးကို ရောက်နေတဲ့ စစ်ရှောင်တချို့ရဲ့ ဆိုင်ကယ်တွေ၊ ကားတွေ ဖမ်းဆီးခံသွားရကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။
နောက်ထပ် လားရှိုးမှ တောင်ကြီးကို ရောက်နေတဲ့ စစ်ရှောင်အမျိုးသမီးက “ဒီတစ်ခေါက်ဖမ်းတာ ကျမတို့စစ်ရှောင်တော်တော်ပါတယ်။ စစ်ရှောင်လာတော့ အများစုက လိုင်စင်မပါကြဘူးလေ။ ကျမအသိထဲက ကားလည်း ဖမ်းခံရတယ်။ ဒီနေ့အထိ ပိုက်ဆံပေးပြီးလည်း ပြန်ရွေးလို့မရသေးဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ရပ်ကွက်အတွင်းနေထိုင်တဲ့ အစိုးရဝန်ထမ်းဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးဌာနနဲ့ တခြားရုံးပိုင်းကကားနဲ့ဆိုင်ကယ်လည်း ဖမ်းဆီးခံနေရတာကို မြင်ခဲ့ရကြောင်း သူမကဆိုပါတယ်။
အလားတူ ရှမ်းတောင် အောင်ပန်းနဲ့ ပင်းတယမြို့မှာလည်း ဇွန်လ ၁ ရက်ကစပြီး ဒီနေ့အထိ လိုင်စင်မဲ့ယာဉ် ၇၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးလက နေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဥ်တွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဖို့ အမိန့်ပေးခဲ့ပြီးတဲ့နောက် တောင်ကြီးမြို့ပေါ်မှာ မေလ ၂၉ ရက်ကတည်းက စပြီးတော့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးနေတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မေလ နောက်ဆုံးပတ်ကလည်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ယာဉ်ထိန်းတွေက လိုင်စင်မဲ့ယာဉ်တွေစီးပြီး လိုင်စင်မဲ့ယာဉ်တွေ လိုက်ဖမ်းခဲ့ပြီးတော့ ငွေကျပ် ၃ သောင်းကနေ ၁ သိန်းအထိ ပြန်ရွေးယူခဲ့ရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။