အိုက်ပွီး၊ စင်တင်ဘာ ၂၉ ရက်၊ ပလက်ဝ
ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူ အမျိုးသမီးနှစ်ဦးဟာ မြို့မရပ်ကွက်က အသက် ၄၀ နှစ်အရွယ် ဒေါ်သူဇာဝင်း နဲ့ အသက် ၁၈ နှစ်အရွယ် မမြမြခင် တို့ဖြစ်ပါတယ်။
ပလက်ဝမြို့၊ မြို့မရပ်ကွက်က ၃ နေရာထက်မနည်းကို စစ်ကောင်စီတပ်က ဒီနေ့ စက်တင်ဘာ ၂၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်မှာ ပေါင် ၅၀၀ ဗုံးသီး သုံးလုံးဖြင့် လေကြောင်း တိုက်ခိုက်တာပါ။
“ဆေးရုံ၊ ဖုန်းဆိုင်၊ ဗိုလ်တဲ စတဲ့သုံးနေရာကို ၅မိနစ်ခြား ပေါင် ၅၀၀ ဗုံးသီးနဲ ကြဲတာပါ။ မိန်းကလေးနှစ်ယောက်တော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိမယ်။”လို့ ပလက်ဝမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒဏ်ရာရှိသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရှိသူလည်းပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆေးရုံ၊ စျေးဆိုင်တွေနဲ့ လူနေအိမ်အများပြားလည်း မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
“ဖုန်းဆိုင်တွေ၊ စျေးဆိုင်တွေအနားမှာကျတဲ့ ဗုံးသီးကြောင့် ဆိုင်တွေလည်း ပျက်စီးသွားတယ်။ တချို့အိမ်တွေ စျေးဆိုင်တွေဆို လုံးဝ ပြာကျသွားတာလည်းရှိပါတယ်။ ဆေးရုံဝန်းမှာကျတဲ့ ဗုံးသီးက ဆေးရုံအဆောက်အဦးတချို့ ပျက်စီးသွားပါတယ်။”လို့ ပလက်ဝမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပလက်ဝမြို့ကို အာရက္ခတပ်တော် (ULA/AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်က တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။