မိုင်းရူပ၊ ဇူလိုင် ၈ ရက်၊ မန်တုံ
တအာာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့နယ် မိုင်းဘော်ကျေးရွာနဲ့ နမ္မတူမြို့နယ်ကြားရှိ နမ့်ရီးချောင်းမှာ တအာင်းတပ်ဖွဲ့ဝင် ၂ ဦး ရေထဲမျှောပါပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် ညနေပိုင်းမှာ TNLA တပ်ဖွဲ့ဝင် ၂ ဦးဟာ နမ္မတူမြို့နယ်ကနေ မိုင်းဘော်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်လာချိန် နမ့်ရီးချောင်းမှာ ဖြတ်ကူးနေစဥ် ရေထဲမျှောပါပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
“သူတို့နှစ်ယောက် လာတဲ့အချိန် မှောင်ပြီ။ နမ့်ရီးချောင်းမှာ ရေကြီးနေတယ်။ ရေကတံတားကျော်အထိ တက်နေတာ။ သူတို့ဖြတ်တဲ့အချိန် ရေထဲပါသွားတာ။ အဲချောင်းမှာက လူသေတာ ခဏခဏပဲ” လို့ ဖြစ်စဥ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရေထဲမျှောသေဆုံးနေတဲ့ TNLA တပ်ဖွဲ့ဝင် ၂ ဦးကို ဆက်လက်ရှာဖွေနေပြီး ဒီနေ့ ဇူလိုင် ၈ ရက်အထိ အလောင်းကို ရှာမတွေ့သေးပါဘူး။
နမ့်ရီးချောင်းမှာ နှစ်စဥ် မိုးရာသီရောက်တိုင်း ဒေသခံတွေ ရေနစ်သေဆုံးတဲ့ ဖြစ်စဥ် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာလည်း မန်တုံမြို့နယ် လွယ်မွန်းကျေးရွာခံ ၃ ဦးဟာ နမ့်ရီးချောင်းကို ဖြတ်ကူးနေစဥ် ရေထဲမျှောပါပြီး သေဆုံးတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။