လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၄ ရက်၊ နမ့်ဆန်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် အုမ်းမစွမ်ကျေးရွာက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရတဲ့ ညီအစ်မ ၂ ဦးလုံး သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်း သိရှိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရသွားတဲ့ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ မသင်းသင်းနွယ်သေဆုံးပြီးတဲ့နောက်မှာ ညီမဖြစ်သူ မမေတင်းနွယ်ဆိုသူလည်း ထပ်မံသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “အခု သူ့ညီမလည်း ထပ်ဆုံးပြီ။ ဒဏ်ရာရတဲ့ ညီအစ်မ နှစ်ယောက်စလုံး သေသွားပြီ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ ညီမဖြစ်သူ မမေတင်းနွယ်ဆိုသူလည်း ဆေးကုသဖို့အတွက် ဆေးရုံခေါ်ဆောင်သွားနေတဲ့အချိန် လမ်းတစ်ဝက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဗုံးကြောင့် အသက် ၁၀ နှစ်အရွယ် မိုင်းကောင်းချစ်ဖြိုးနဲ့ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ယာနိုင်လင်း ဆိုသူတွေလည်း ဒဏ်ရာရရှိထားတဲ့အပြင် နေအိမ် ၈ လုံးလည်း ထိမှန်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
မနေ့ အောက်တိုဘာ ၁၃ ရက်မှာလည်း နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင်နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့၊ ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကနေ မနေ့ ၁၄ ရက်အထိ ၉ ရက်အတွင်း ကလေး (၅) ဦးအပါအဝင် (၃၃)ဦးသေဆုံးခဲ့ပြီး ကလေး (၁၀) ဦးအပါအဝင် (၃၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။