ပျားကြီး၊ အောက်တိုဘာ ၄ ရက်၊ မန္တလေး
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးကို ရောက်ရှိနေချိန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေချတပ်စွဲထားတဲ့ နန်းတွင်းထဲ ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar- BWM တပ်ဖွဲ့ဝင်နဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ဖို့ ရှိနေတဲ့ မန္တလေးတက္ကသိုလ် ရာပြည့်ပွဲကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မန္တလေးမြို့မှာ ရောက်ရှိနေတာဖြစ်ပြီး မနက် ၆ နာရီဝန်းကျင်မှာပဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
“မင်းအောင်လှိုင် မနေ့ညကတည်းက ပြင်ဦးလွင်ကနေ ဆင်းလာတာ။ နန်းတွင်းထဲ တည်းမယ်လို့ သတင်းရထားလို့ ချက်ချင်း စီစဉ်ပြီး လုပ်တာပေါ့။ ပြင်ဆင်ချိန်နည်းလို့ အများကြီး မပစ်နိုင်ဘူး။ ပစ်တဲ့ ၂ လုံးလည်း နန်းတွင်းထဲကို တည့်တည့်ကျတယ်။ အထိအခိုက်ကတော့ မသိရသေးဘူး” လို့ BWM တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အသံကျယ်လောင်တဲ့ ရှော့တိုက်ဒုံး ၂ စီး ရှေ့ဆင့်နောက်ဆင့် ဖြတ်သန်းသွားတဲ့အသံကို မန္တလေးမြို့ပေါ်က ဒေသခံတွေ ကြားခဲ့ရတယ်လို့ အောင်မြေသာစံမြို့နယ်မှ အသက် ၅၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက အတည်ပြုပြောဆိုပါတယ်။
ရှော့တိုက်ဒုံး ပစ်ခတ်ခံရပြီးနောက်ပိုင်း နန်းတွင်းထဲ ရုတ်ရုတ်သဲသဲအခြေအနေ ဖြစ်ပွားခဲ့ပြီး ချက်ချင်းဆိုသလို စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးက လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေး ရယူခဲ့ကြတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းကလည်း နန်းတွင်းထဲ ရှော့တိုက်ဒုံး ၁၀ လုံးဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။