ယာရူစိင်၊ ဩဂုတ် ၁၈ ရက်၊ သီပေါ
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့ထဲ စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၁၈ ရက် မနက် ၉ နာရီခွဲမှာ သီပေါမြို့ရှိ အနောက်ရပ်နဲ့ တောင်မြို့ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူအပြင် နေအိမ် ၉ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ထိခိုက်မှုက သုံးယောက်ပါ။ တစ်ယောက်က ပေါင် ထိတယ်။ နောက်တစ်ယောက်က ခြေထောက် ထိတာ။ နောက်တစ်ယောက်ကျ လက် ထိတာ။ အနောက်ရပ်ကို အရင် ပစ်တာ။ ပြီးမှ တောင်မြို့ကို ပြန်ပစ်တာပါ”
သီပေါမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကနေ ဒီနေ့ သြဂုတ် ၁၈ ရက်အထိ တစ်လခွဲအတွင်း စစ်တပ်က လေကြောင်းကနေ ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မနေ့ ဩဂုတ် ၁၇ ရက် မနက် ၉ နာရီခန့်လည်း မိုးကုတ်မြို့အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သလို ဩဂုတ် ၁၄ ရက်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်း ရွာသစ်နဲ့ ရွှေကူကြားမှာရှိတဲ့ ငါးပတ်တောင်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့ပါတယ်။
ဩဂုတ်လ ၂ ပတ်အတွင်း ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ တအာင်းတပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။