ရဲမာန်၊ ဩဂုတ် ၈ ရက်၊ အုတ်ဖို
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာမှာ အခြေစိုက်တဲ့ ခမရ ၆ က အုတ်ဖို တာဆုံဘက် ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ရှင်းလင်းခဲ့တယ်လို့ ဒီနေ့ ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ ဩဂုတ် ၇ ရက် ၉ နာရီဝန်းကျင်မှာ သဖန်းပင်ဆိပ်ရွာအနီး PDF ရဲဘော်တွေကို လူထုနဲ့မှားကာ ပေါ်တာဆွဲဖို့ လုပ်ဆောင်ခဲ့တဲ့ အရာခံဗိုလ် လှကျော်နဲ့တပ်ကြပ်ကြီး ညီညီမိုးတို့ကို နေရာမှာတင် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
“ကျနော်တို့ရဲဘော် လေးယောက်က ကိစ္စတစ်ခုနဲ့ အဲဒီဘက် ရောက်သွားတာ။ အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်က ဆိုင်ကယ် ရပ်ခိုင်းပြီး မင်းတို့ဘယ်ကလဲ မင်းတို့အရွယ်တွေ တိုင်းပြည်အတွက် လိုအပ်တယ်ဘာညာ တရားလာဟောတာပေါ့။ အဲဒါနဲ့ ပစ်ထည့်လိုက်တာဘဲဗျ” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို့ရဲ့ ရဲဘော် အောင်ဇေယျက ရွှေဖီမြေကို ပြောပါတယ်။
စစ်သား ၂ ဦးဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ ငွေ ၂ သိန်း၊ ဖုန်း ၂ လုံးနဲ့ စစ်မှုထမ်းကတ်ပြားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို့အနေနဲ့ စစ်ကောင်စီတပ်သာမက စစ်ကောင်စီ ထောက်တိုင်တွေကိုပါ တိုက်ထုတ်သွားမှာဖြစ်ပြီး လူထုတွေအနေနဲ့လည်း စစ်တပ်အနီး သွားလာနေထိုင်ခြင်း မပြုကြဖို့ အသိပေးချက် ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။