ပို့လဘား၊ ဩဂုတ် ၂၂ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာမှာ အမျိုးသားနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံဖြစ်တဲ့ Tarlin Mg က ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၂၂ ရက် မနက် ၁၀ နာရီခွဲမှာ မှော်စီစာရွာက လမ်းမကြီးပေါ်ရှိ စိန်ချို ကွမ်းယာဆိုင်အနီးနဲ့ မှော်စီစာရွာ လမ်းဆုံအနီးမှာ ပစ်သတ်ခံရတယ်လို့ ၎င်းက ပြောဆိုပါတယ်။
“တစ်ယောက်က စာသင်ကျောင်းအနားက စိန်ချို ကွမ်းယာဆိုင်နားမှာ ပစ်သတ်ခံရတယ်။ မရှေးမနှောင်းပါပဲ လမ်းဆုံနားမှာ နောက်တစ်ယောက် ပစ်သတ်ခံရတယ်။ နှစ်ဦးစလုံးက မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ ယူဆလို့ရတယ်။ အတိအကျတော့ မဟုတ်ပေမဲ့ သူတို့ရဲ့ အိတ်ထဲမှာ မူးယစ်ဆေးတို့ တွေ့ရတယ်”
ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသား ၂ ဦးထဲမှတစ်ဦးက အသက် ၄၅ နှစ်အရွယ် ကိုချစ်နိုင်ဆိုသူဖြစ်ပြီး လယ်ပြင်ရွာမှာ နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဟင်တင့်ရွာအနီးမှာ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။