ပို့လဘား၊ ဒီဇင်ဘာ ၁၁ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုမှာ မြေစာပုံပြိုကျလို့ အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်မှာ လုံခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ စိန်စိန်ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းအတွင်းမှာ မြေစာပုံ ပြိုကျခဲ့တာ ဖြစ်ပါတယ်။
“အရင်တခေါက်ပြိုကျတဲ့နေရာရဲ့ အရှေ့ဘက်ခြမ်းမှာပဲ။ စိန်စိန်လုပ်ကွက်ရဲ့ အရှေ့နဲ့အနောက်ပါပဲ။ ကမ်ပါးကျင်းတူးတဲ့အချိန်မှာပေါ့နော်။ အရှေ့ကိုပဲအာရုံစိုက်နေတော့ အနောက်က ကမ်ပါးပြိုကျတော့ တခါထဲ ပါသွားတယ်။ နှစ်ယောက်စလုံး တစ်ခါတည်းသေသွားတယ်” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်ရှိ ကျောက်လုပ်ကွက်တွေမှာ မြေစာပုံပိမိပြီး အခုလို သေဆုံးတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကလည်း မှော်စီစာကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုမှာ မြေစာပုံ ပြိုကျခဲ့လို့ ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ဦးထက်မနည်း မြေစာပြိုကျမှုနဲ့အတူ ပါသွားခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။