လွေးဇွန်မိုး၊ နိုဝင်ဘာ ၆ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်နဲ့ယူမာကျေးရွာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၂ လောင်း ထပ်တွေ့ခဲ့ပါတယ်။
အဲဒီအမျိုးသား ၂ ဦးဟာ ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ပတ်ကင်း လှည့်နေချိန် ပစ်သတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ညက လူနှစ်ယောက် ပစ်သတ်ခံရတယ်။ ယူမာရွာတစ်ယောက်၊ မရှီကထောင်ရပ်ကွက်တစ်ယောက်။ စကမ(စစ်ကော်မရှင်တပ်) ပတ်ကင်းက ပစ်သွားတာပြောတယ်။ နာမည်တွေ ဘာတွေ မသိသေးဘူး”
ပစ်သတ်ခံရတဲ့ အမျိုးသား ၂ ဦးရဲ့ အချက်အလက်နဲ့ နေရပ်လိပ်စာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါ အမျိုးသား ၂ ဦးကို စစ်ကောင်စီစစ်ကြောင်း ကင်းလှည့်နေချိန် ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောဆိုပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် ညနေ ၄ နာရီကျော်ကလည်း ဖားကန့်မြို့နယ် လုံးခင်း သုဿာန်အနီးမှာ အမျိုးသား ၁ ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၂၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း လုံးခင်းရွာလယ် လမ်းဆုံထောင့်၊ မဲကြီးဖြတ်ခုံအနီးက အသီးဆိုင်ဝန်းကျင်မှာ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။