ရဲမာန်၊ ဇူလိုင် ၆ ရက်၊ အိုင်းရင်းရွာ
မကွေးတိုင်း မြိုင်မြို့နယ်တောင်ပိုင်းက အိုင်းရင်းရွာနဲ့ ရွာသစ်ရွာ အနောက်မြောက်ပိုင်းကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးနှစ်စီးနဲ့ ဗုံး ၃ လုံး လာကြဲတိုက်ခိုက်သွားတယ်လို့ We Love Myaing မှ ထုတ်ပြန်ထားပါတယ်။
မနေ့ ဇူလိုင် ၅ ရက် မနက် ၁၁ နာရီခွဲ၀န်းကျင်ခန့်မှာ ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီးနှစ်စီးနဲ့ ၁၂၀ MM ဗုံး ၃ လုံးနဲ့ လာကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ်တစ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“လေထီးဝဲနေတော့ နှစ်ရွာကြားက ဝါးရုံပင်အောက်မှာပုန်းနေရင်း ရွာသစ်ရွာထဲ ကျတဲ့ ဗုံးသီးအစက သူ့ကိုသွားထိတာ” လို့ We Love Myaing မှ တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး အိုင်းရင်းရွာနဲ့ ရွာသစ်ရွာ ကြားမှာ နေထိုင်သူဖြစ်တယ်လို့ ပြောပါတယ်။
၎င်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးမှုနဲ့ နေအိမ်တစ်လုံး ပျက်စီးသွားတဲ့အပြင် ဆိတ်၂ ကောင်၊ မြင်း ၃ ကောင်နဲ့ နွား ၂ ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။