အိုက်ပွီး၊ မေလ ၂၃ ရက်၊ ပလက်ဝ
ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှာ ဒေသခံနှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝပြန်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးဝင်းနိုင်နဲ့ ဒဏ်ရာရရှိသူက မင်းပြားမြို့နယ် မင်းဖူးကျေးရွာမှ ၃၈ နှစ်အရွယ် ဦးကျော်လှိုင် ဖြစ်ပါတယ်။
မနေ့ မေလ ၂၂ ရက် နေ့လယ် ၃ နာရီ ၁၅ မိနစ်ခန့်မှာ ဟင်း ထွက်ရှာရာကနေ စစ်ကောင်စီတပ်ရဲ့ စခန်းဟောင်းအနီး မြေမြှုပ်မိုင်း နင်းမိခဲ့တာပဲ ဖြစ်ပါတယ်။
“မိုင်းနင်းတဲ့တစ်ယောက်က အဲနေရာမှာပဲ ခြေနှစ်ဖက် ပြတ်ထွက်ပြီး သွေးထွက်လို့ သေဆုံးသွားတယ်။ နောက်တစ်ယောက်ကျတော့ မျက်နှာတစ်ခုလုံး ဒဏ်ရာရပြီး လက်တွေ အရိုးပွင့်ထွက်သွားတယ်။ သူက ပြင်းထန်ဒဏ်ရာနဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်” လို့ ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူကို ဒီနေ့မနက်မှာပဲ သဂြိုလ်လိုက်ပြီး ဒဏ်ရာ ရရှိသူကတော့ ပြင်းထန်ဒဏ်ရာနဲ့ အသက်အန္တရာယ် စိုးရိမ်နေရကာ ဆေးကုသမှု ခံယူနေရပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူနှစ်ဦးဟာ မိသားစု စားဝတ်နေရေးအတွက် မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှာ ကုန်တင်ကုန်ချအလုပ် လုပ်ကိုင်သူ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။