လွေးထွေး၊ နိုဝင်ဘာ ၃ ရက်၊ ကျိုင်းတုံ
ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်မှာ ကားတစ်စီး မှောက်ရာကနေ ခရီးသည် ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-တောင်ကြီးလမ်း စပယ်ရှယ်တောင်အဆင်းမှာ လိုက်ထရပ်စ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားက “ခရီးသွားတဲ့ကားလား၊ ဘုရားဖူးကားလား သေချာမသိရဘူး။ အမျိုးသားတွေဘဲ သေတာ” လို့ ပြောပါတယ်။
ဖြစ်စဉ်နေရာမှာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ကျန်တစ်ဦးက ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကိုလည်း ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးမှာသာ ကုသနေကြောင်း သူက ဆက်ပြောပါတယ်။
၎င်းနေရာမှာ မကြာခဏ ခရီးသည်ကား၊ ကုန်ကားတွေ တိမ်းမှောက်နေတာကြောင့် ခရီးသွားကားတွေ ဂရုတစိုက် မောင်းကြဖို့လိုကြောင်း အထက်ပါ အမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း ၎င်းနေရာမှာ ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ ၇ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရခဲ့ဖူးပါတယ်။
အလားတူ မတ်လ ၂၀ ရက်ကလည်း ကားမှောက်လို့ ၁ ဦး သေဆုံးခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။