ပို့လဘား၊ အောက်တိုဘာ ၁၅ ရက်
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ထီးခီးဒေသကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မနေ့ အောက်တိုဘာလ ၁၄ ရက် နေ့လယ် ၁၂ နာရီမှာ မြိတ်-ထားဝယ်ခရိုင် ထီးခီးဒေသကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံ ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
“ပညာရေးဝန်ထမ်းက နှစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်။ ပြီးတော့ ဈေးဆိုင်တစ်လုံး ထိခိုက်မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်။ အခုလောလောဆယ်တော့ အဲလောက်ပဲ သိရတယ်” လို့ KNUရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၈ နာရီကလည်း ထီးခီးဒေသဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် အော်လီဂန်း စက်လက်နက်နဲ့လည်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ထီးခီးဒေသဘက်ကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃၅၀ ကျော်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။