အင်းငယ်၊ သြဂုတ် ၂၁ ရက်၊ ရေး
မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မဟာမိတ် တပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တပ်ရင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အောင်သပြေရွာအနီးမှာ မနေ့ ဩဂုတ် ၂၀ ရက် မနက် ၁၀ နာရီခန့်ကတစ်ကြိမ်၊ မနေ့ညနေပိုင်း ၅ နာရီခန့်မှာတစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပထမအကြိမ် တိုက်ပွဲအတွင်း စစ်တပ်ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်တော်လှန်ရေးတပ်- MSRF ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ မိတလဉာဏ်က “လက်ရှိမှာတော့ အောင်သပြေရွာအနီးအနားမှာ ရေးမြောက်ပိုင်းအနီးအနားမှာ စကစဖက်ကနေပြီးတော့ တပ်စွဲထားဆဲ အနေအထားမှာ ရှိတယ်။ ဒီအပေါ်မှာ ကျမတို့က စကစဖက်က အခြေအနေကို ဆက်လက်ပြီးတော့ စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အလားတူ ဒုတိယအကြိမ် တိုက်ပွဲအတွင်း ကရင် တပ်မတော်- KNLA တပ်ရင်း ၂၇ တပ်ခွဲ ၁ ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ကျဆုံးခဲ့ပြီး လက်ရှိ အောင်သပြေရွာအနီးမှာ စစ်တပ်က တပ်စွဲထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၅၈၈)၊ ခြေလျင်တပ်ရင်း (ခလရ ၁၀၆)၊ အမြှောက်တပ်ရင်း (အမတ ၃၁၇) စတဲ့စစ်ကြောင်း ၃ ခု အင်အား ၁၅၀ နဲ့ စစ်ကြောင်း ထိုးလာပြီး လက်နက်ကြီး အများစု အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီဖက်ကနေပြီးတော့ ကျေးရွာဖက်တွေကိုလည်း လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်နေတာမျိုးတွေ လုပ်ဆောင်ခဲ့တာမျိုး ရှိတယ်ပေါ့နော်။ ဒီအတွက်ကြောင့် အရပ်သားလူထုအနေနဲ့ ပိုပြီးတော့ သတိရှိစွာနဲ့ နေထိုင်သွားလာလှုပ်ရှားကြဖို့အတွက်ကို ကျမအနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်” လို့ မိတလဉာဏ်က ဆက်ပြောပါတယ်။
တိုက်ပွဲကို MSRF, KNLA, ရေးပြည်သူ့ကာကွယ်ရေးတပ်- YPDF၊ ရာမညမွန်တပ်တော်- RMA တို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြပြီး ရေးမြောက်ပိုင်းမှာရှိတဲ့ စစ်တပ်ကို ဆက်လက် တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာခံအများစု တိမ်းရှောင်ခဲ့ရပေမဲ့ လက်ရှိမှာတော့ အများစုက ပြန်လည် ဝင်ရောက်နေထိုင်နေကြပြီလို့ စုံစမ်းသိရှိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။