ရဲမာန်၊ ဖော်ဖဝါရီ ၄ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သက္ကယ်ကျင်းရွာက မီးဘေးစစ်ရှောင်ရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးတယ်လို့ Monywa Revolution – MR က သတင်းထုတ်ပြန်လာပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၅ နာရီဝန်းကျင်မှာ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် ပါရာမော်တာနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“သေတာက သားအဖနှစ်ယောက်ပါ။ အသက် ၁၈ နဲ့ ၅၀ ဝန်းကျင်အရွယ်ပါ။ အဲဒီမှာက အိမ်တွေမီးရှို့ခံရတဲ့ မီးဘေးစစ်ရှောင်တွေပါ” လို့ Monywa Revolution – MR က ရွှေဖီမြေကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာတာကြောင့် ဗုံးခိုကျင်းတွေပြုလုပ်ကြဖို့နဲ့ ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီးတွေ ပျံသန်းလာတဲ့အခါမှာလည်း အပြင်သို့ ထွက်ကြည့်ချင်တာမျိုး မပြုလုပ်ပဲ ဗုံးခိုကျင်းအတွင်းနဲ့ ခိုင်မာသော နေရာတွေမှာသာ နေကြဖို့ အထက်ပါအမျိုးသားက အကြံပေးပြောကြားထားပါတယ်။
မနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က သာစည်လမ်းပေါ်သွားလာနေတဲ့ အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ရာ အိမ်စီးကားပေါ် လိုက်ပါစီးနင်းသူ ၃ ဦး သေဆုံးပြီး လမ်းသွားလမ်းလာ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။