အိုက်ပွီး၊ မတ်လ ၆ ရက်၊ ဂန့်ဂေါ့
မကွေးတိုင်း၊ ဂန်ဂေါ့မြို့နယ်မြောက်ပိုင်း၊ ကန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ မတ်လ ၅ ရက်နေ့ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီးနဲ့ ကန်ရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာဖြစ်ပါတယ်။
“အမျိုးသမီးက ပွဲချင်းပြီး သေဆုံးသွားတယ်။ သူ့ရဲ့အမျိုးသားလည်း ဆေးကုသရင်း မနေ့ညကပဲ ဆုံးသွားတယ်။ လေးဦးက ဒဏ်ရာရတယ်။ လူနေအိမ် ၄လုံး မီးလောင်ပြာကျသွားတယ်။ နောက်ထပ် နေအိမ် ၆လုံးလည်း ပျက်စီးသွားပါတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁ဦးတို့ကလည်း ပြင်းထန်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမူ ခံယူနေရကာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။
ကန်ရွာမှာ တိုက်ပွဲမရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူတပ်စွဲထားခြင်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ကျေးရွာကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“ရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတာလည်းမဟုတ်ဘူး။ ရွာသားတွေပဲနေတာပါ။ ရွာအခြေအနေက ပုံမှန်ပါပဲ။ ဘာမှထူးခြားတာလည်းမရှိပါဘူး။ အဲဒါကို စကစက တမင် လေကြောင်း တိုက်ခိုက်တာပါ။ ရွာမှာရွာသားတွေပဲရှိတာကြောင့် ရွာသားတွေပဲ သေကြတယ်လေ။” လို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုလို့ ချင်းခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်အများပြား မီးလောင်ပျက်စီးသွားပါတယ်။