အိုက်ပွီး၊ အောက်တိုဘာ ၁၃ ရက်၊ ဟားခါး
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လို့ ကျောင်းသားနှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့၊ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်။
“ဗုံးကြဲတာက စာသင်ကျောင်းကို ကြဲတာပါ။ ဗုံးသီးက စာသင်ကျောင်းရဲ့ အနောက်မှာ ကျတယ်။ ကျောင်းအနောက်ဘက်မှာ သန်းရှင်းရေးလုပ်နေတဲ့ ကျောင်းသားတွေ ထိမှန်တာပါ။ ကလေးနှစ်ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်တဲ့ ကျောင်းဆရာမအပါအဝင် ၅ ယောက်လောက်က ဒဏ်ရာရတယ်။”လို့ ဟားခါးမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူ ကျောင်းသားနှစ်ဦးဟာ အသက် ၇ နှစ်အရွယ်ရှိတဲ့ မူလတန်းကျောင်းသားတွေဖြစ်ပြီး ဒဏ်ရာရတဲ့ထဲမှာ ကျောင်းသား ၃ ဦးဟာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သွားပြီးနောက်မှာလည်း ဟားခါးမြို့အနီးတဝိုက် ကျေးရွာတွေမှာ ဒရုန်းဖြင့် ထပ်မံစောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ညကလည်း မတူပီမြို့ကို စစ်ကောင်စီတပ်ကလေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ လူတစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရကာ ခရစ်ယာန်ဘုရားရှိးခိုးကျောင်းတစ်ကျောင်း ပျက်စီးသွားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။