ရွှေဖီမြေ၊ နိုဝင်ဘာ ၁၄ ရက်
တအာင်းတပ်မတော် PSLF/TNLA ရဲ့ တပ်သားတွေအနေနဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေ မဆော့ဖို့ တားမြစ်ထားပြီး ဆော့ရင် အနည်းဆုံးထောင်ဒဏ် ၃ လ ကျနိုင်တဲ့ စည်းကမ်းသတ်မှတ်ချက် အဖွဲ့အစည်းကြားထဲမှာ ချမှတ်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
အွန်လိုင်းဂိမ်းဆော့ခြင်းကြောင့် အလုပ်ပြီးမြောက်မှု နှောက်နှေးကြန့်ကြာတာ၊ အချိန်ဖြုန်းတာ၊ အကျင့်စာရိတ္တပျက်ပြားတာ၊ မိသားစုပြဿနာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် တားမြစ်ပိတ်ပင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် TNLA တပ်အတွင်းမှာ တာဝန်ထမ်းဆောင်နေသူတွေရဲ့ ဖုန်းထဲမှာ အွန်လိုင်းလောင်းကစား(စလော့)ဂိမ်း ဆော့ဝဲတွေ့ရှိတာဖြစ်စေ အွန်လိုင်းလောင်းကစားဂိမ်း ဆော့နေတာကို တွေ့ရှိရင်ဖြစ်စေ စစ်ဥပဒေ ပုဒ်မ (၆၂) အရ ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းဥစ္စာတွေ လောင်းကစားလုပ်ရင် အနည်းဆုံး ထောင်ဒဏ် ၃ လချမှတ်နိုင်တယ်လို့ ထုတ်ပြန်ထားပြီး အဲစာကို အဖွဲ့အစည်းကြားထဲ ဖြတ့်ဝေထားတယ်လို့ ဆိုပါတယ်။
တအာင်းဒေသမှာ ဒေသတွင်းလက်နက်ကိုင်တွေအပါအဝင် ဒေသခံတွေလည်း အွန်လိုင်းလောင်းကစားအများအပြား ဆော့နေကြပြီး အဲလောင်းကစားကြောင့် မိသားစုတွင်းနဲ့အလုပ်တွေကြားမှာ မကြာခဏ ပြဿနာတွေ ဖြစ်လေ့ရှိနေကြောင်း ရွှေဖီမြေက လေ့လာတွေ့ရှိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။