မိုင်းရူပ၊ နိုဝင်ဘာ ၂၈ ရက်
စစ်ကောင်စီ ဝင်လာမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့မှာ မြို့ရဲ့ အဝင်အထွက်နေရာတွေကို ဒီနေ့ နိုဝင်ဘာ ၂၈ ရက်ကစပြီး တအာင်းတပ်မတော် TNLA က ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မိုးကုတ်ရော မိုးမိတ်ဘက်ရော သွားလို့ မရတော့ဘူး။ အဝင်ရော အထွက်ရော ပိတ်ထားတယ်။ TNLA ဘက်က ပိတ်ထားပြီး သူတို့တပ်ဖွဲ့ဝင်တွေဘဲ ဖြတ်သန်းသွားတာ ရှိတော့တယ်” လို့ ဆိုပါတယ်။
ဒီနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က နောင်ချို – မိုးကုတ်လမ်းကနေတစ်ဆင့် ဝင်လာမယ့်လို့ သတင်းတွေထွက်နေပြီး TNLA ဘက်က အဲလမ်းပိုင်းမှာ စစ်အင်အား အများအပြားအသုံးပြုပြီး နေရာဖြန့်ကျက်ယူထားပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်အခြေစိုက် PDF တော်လှန်ရေး တပ်တွေကတော့ မနေ့ နိုဝင်ဘာ ၂၇ ရက်ကစပြီး မြို့တွင်းထဲမှာ မရှိတော့ဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီး တအာင်းတပ်က မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးဖို့ သဘောတူခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။