ရွှေဖီမြေ၊ ဇန်နဝါရီ ၁၂ ရက်
ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ တအာင်းတပ်မတော်- PSLF/TNLA အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။
TNLA နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်မတော်- MNDAA၊ အာရက္ခတပ်တော်- AA အပါအဝင် ဓနုတပ်တော်- DPLF/DPLA၊ မန္တလေး PDF၊ မွန်တပ်တော်- MLA၊ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA၊ ကျောင်းသားလက်ရုံးတပ်တော်- SAF နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ- CRPH စတဲ့ တော်လှန်ရေးအင်အားစုတွေက သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။
MNDAA နဲ့ AA ပေးပို့တဲ့ သဝဏ်လွှာမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ဘုံရန်သူကို တိုက်ခိုက်ရာမှာ တစ်ဖွဲ့ရဲ့ လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ် စိတ်ဓာတ်နဲ့ အပြည့်အဝ ကူညီခဲ့ရာ အခုလို အောင်မြင်မှု ရရှိခဲ့ပြီး အောင်ပွဲနဲ့အတူ ပါရှိလာတဲ့ အခက်အခဲ၊ အတားအဆီးတွေကိုလည်း ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့ ဖြေရှင်းသွားဖို့ အသင့်ရှိကြောင်း ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပါအဝင် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက တိုက်ပွဲမှာ TNLA နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ မန္တလေး PDF ကလည်း မန္တလေး PDF ဟာ တအာင်းဒေသမှာ မွေးဖွားအရွယ်ရောက်ခဲ့ရတဲ့ တော်လှန်တပ်ဖွဲ့ဖြစ်ပြီး တအာင်းအမျိုးသားလုံးရဲ့ ကျေးဇူးကို အစဉ်အောက်မေ့ ဂုဏ်ယူနေမှာ ဖြစ်တယ်လို့ တအာင်းတော်လှန်ရေးနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာထဲ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်အမျိုးသားတပ်ဦး- PNF နာမည်နဲ့ စတင်ခဲ့တဲ့ တအာင်းတော်လှန်ရေးဟာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်ဆိုရင် ၆၂ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။