ရွှေဖီမြေ၊ ဇူလိုင် ၁၇ ရက်၊ မိုးကုတ်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့က ဓားပြအဖွဲ့ဆီကနေ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို တအာင်းတပ်က ပိုင်ရှင်တွေဆီ ပြန်လည် အပ်နှံခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၁၇ မှာ ထုတ်ပြန်လာပါတယ်။
အခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က ပြုလုပ်ခဲ့ရာ မိုးကုတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဗိုလ်မှူး တားပန်ဟိုင်၊ ခရိုင်ရဲမှူး ဗိုလ်မှူး တားတိုင်ငါမ်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံလူထု စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
လက်စွပ် ၃ ကွင်း၊ ဟန်းချိန်း ၂ ကွင်း၊ နားကပ် ၃ စုံ၊ ပတ္တမြား ၃ ခု၊ ကျောက်နဲ့နီလာ ဆက်စပ်ပစ္စည်းအပါအဝင် ဖုန်း ၂ လုံး၊ ဆိုင်ကယ် ၂ စီးတို့ကို ဓားပြအဖွဲ့ဆီကနေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြို့နယ် တအာင်းရဲတပ်ဖွဲ့က ဓားပြ တိုက်သူတွေကို လိုက်လံ ဖမ်းဆီးခဲ့ပြီးနောက် သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေရဲ့ ကာလပေါက်ဈေးဟာ ကျပ်သိန်း ၈၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်ကို တအာင်းတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့က ၂ဝ၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်နေတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။