ခိုင်လေး၊ ဖေဖော်ဝါရီ ၂၂ ရက်
တအာင်းပြည် ပညာရေးကောင်စီ- TLEC က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာဆရာမ (၁,၅၀၀)ကျော် ခေါ်ယူနေပြီဖြစ်ကြောင်း TLEC က မနေ့ ဖေဖော်ရီ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်း ၇၀၀ ကျော် ဆက်လက် ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
အခြေခံပညာ စာသင်ကျောင်းတွေ ဆက်လက် ဖွင့်လှစ်သွားနိုင်ဖို့ အရည်အချင်း ပြည့်ဝတဲ့ ဆရာဆရာမတွေလိုအပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပညာရေးဌာနမှ CDM ပြုလုပ်ထားသူ ဆရာဆရာမ ၅၀၀ ဦးနဲ့ TLEC မှာ တာဝန်မထမ်းဆောင်ရသေးတဲ့ ဆရာဆရာမ အသစ် ၁ ထောင် ခေါ်ယူကာ ခန့်အပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
TLEC မှ တာဝန်ရှိသူတစ်ဦးက “Non CDM ဝန်ထမ်းကလွှဲလို့ အကုန်လျှောက်လို့ ရတယ်။ ပညာရေး CDM မဟုတ်ရင်တော့ ၃ လသင်တန်း အရင်တက်ရမှာပါ။ သင်တန်းက ဧပြီလမှ ဇွန်လအထိ တက်ရမှာဖြစ်တယ်။ သင်တန်းက တအာင်းပြည်အတွင်းထဲမှာပဲ တက်ရမှာ” လို့ ပြောပါတယ်။
CDM ဆရာဆရာမတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာနိုင်သူဖြစ်ပြီး ၁ နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမှာဖြစ်ပြီး ဆရာဆရာမအသစ်တွေအနေနဲ့ TLEC က ဖွင့်လှစ်မယ့် စွမ်းရည်မြှင့်တင်ရေးသင်တန်း ၃ လကို တက်ရောက်နိုင်သူ ဖြစ်ရမှာဖြစ်ပြီး အနည်းဆုံး တာဝန် ၂ နှစ် ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
လျှောက်လွှာ ပိတ်ရက်ဟာ CDM ဆရာဆရာမတွေအနေနဲ့ မေလ ၂၅ ရက်ဖြစ်ပြီး ဆရာဆရာမအသစ် (Preservice teacher)တွေကတော့ ဧပြီ ၁ ရက် ဖြစ်တယ်လို့ ဆိုပါတယ်။
တအာင်းပြည်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကစပြီး စာသင်ကျောင်းတွေကို ၃ နှစ်ကြာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ စာသင်ကျောင်းပေါင်း ၆၀၀ ကျော်၊ ကျောင်းသူကျောင်းသား (၆၆,၀၀၀)ကျော်၊ ဆရာဆရာမ (၃,၅၀၀)ကျော်နဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းပြည်အတွင်းက ကျောင်းနေရွယ် ကျောင်းသူကျောင်းသားတွေ ပညာရေးအခွင့်အလမ်း ရရှိစေပြီး အရည်အသွေးပြည့်မီတဲ့ ပညာရေးစနစ် ဖြစ်ပေါ်လာစေဖို့နဲ့ ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေဖို့ ဦးတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
အလုပ်ခေါ်စာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းလိုသူတွေအနေနဲ့ Viber & Telegram 09 974 388 152, Signal 09 890 677 837, Email- [email protected], Facebook page- Ta’ang Land Education Council- TLEC တအာင်းပြည် ပညာရေးကောင်စီကနေပြီးတော့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။