ရွှေဖီမြေ၊ အောက်တိုဘာ ၁၅ ရက်
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ အဆက်မပြတ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုတွေကို ဝိုင်းဝန်းကူညီပေးဖို့ တအာင်းပြည်ကောင်စီ TLC က မနေ့ အောက်တိုဘာလ ၁၄ ရက်မှာ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လူထုတွေကို အဓိက ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်လာနိုင်တဲ့ အခြေအနေတွေ တွေ့မြင်နေရတယ်လို့လည်း TLC က ဆိုထားပါတယ်။
ရှမ်းမြောက် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နဲ့ မန်တုံမြို့နယ်က ကျေးရွာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကနေ မနေ့ အောက်တိုဘာလ ၁၄ ရက်အထိ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ပြုလုပ်လာတာ ဖြစ်ပါတယ်။
ကျေးရွာတွေကို ဦးတည်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးအပါအဝင် ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သားတွေ အများအပြားရှိပြီး နေအိမ်၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တာအပြင် ဒေသခံတွေလည်း ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
တစ်နိုင်ငံလုံးရှိ လူထုတွေကို စစ်ကောင်စီတပ်က ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ အဆက်မပြတ် ကျူးလွန်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ သတိဝီရိယနဲ့ နေထိုင်ကြဖို့လည်း TLC က အသိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။