ပို့လဘား၊ ဇူလိုင် ၂၁ ရက်၊ မန်တုံ
တအာင်းဒေသ မန်တုံမြို့နယ် ကျယ်ဂေါင်ကျေးရွာအုပ်စု ဟိုတုံရွာက အမျိုးသမီးငယ် ၃ ဦး ပျောက်ဆုံးနေလို့ လူကုန်ကူးခံရမှာကို မိသားစုဝင်က စိုးရိမ်နေသလို မန္တလေးကနေ ပြန်လာတဲ့ ကွတ်ခိုင်မြို့နယ် လော့ခွမ်ရွာခံ အမျိုးသမီးလည်း ပျောက်ဆုံးနေပါတယ်။
ဟိုတုံရွာနေ အသက် ၁၇ နှစ်အရွယ် လွေးစိန်ဆာ၊ လွေးခမ်းလူနဲ့ လွေးအေလွန်းတို့ဟာ မူဆယ်မြို့မှာ အလုပ် လုပ်ရာကနေ တစ်ပတ် ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၎င်းတို့ ၃ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က ဟိုတုံရွာကနေ မူဆယ်မြို့ဘက် တက်လာပြီး မူဆယ်မြို့မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ၁ လကြာ အလုပ် လုပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်က သူငယ်ချင်းဖြစ်သူတစ်ဦးက သူမတို့ ၃ ဦးကို အလုပ်ရှိတယ်ဆိုပြီး ခေါ်သွားခဲ့တာလို့ ဆိုပါတယ်။
လွေးစိန်ဆာရဲ့ ဖခင်က “သူတို့က မှတ်ပုံတင်လဲ မရှိ ပိုက်ဆံလည်း မရှိဘူးဆိုတော့ သူတို့လောပန်း လာခေါ်တာတဲ့။ ရွာသားအချင်းချင်းဆိုတော့ သူ့ကိုယုံလို့ သူပြောတဲ့အလုပ်ကို သူတို့သွားလိုက်တာ။ ပြီးတော့ သူတို့နဲ့အဆက်အသွယ် မရတော့ဘူး။ သူ့ကိုပြန်မေးတော့လည်း သူက စိတ်မပူနဲ့ သူစီစဉ်ပေးမယ်ဆိုပြီး စောင့်နေတာ။ နေတဲ့နေရာ မေးတော့လည်း သူမပြောပြဘူး။ နောက်တော့ ကျနော်တို့ရဲ့ အကောင့်တွေ ဖုန်းနံပါတ်တွေ အကုန်ဘလော့လိုက်တယ်။ သူနဲ့ အဆက်အသွယ် မရတော့ဘူး”
၎င်းတို့နဲ့ အဆက်အသွယ် ပြတ်ပြီးနောက်ပိုင်း ရောင်းစားခံရမှာကို စိုးရိမ်နေရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
အလားတူ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု လော့ခွမ်ရွာနေ အသက် ၂၅ နှစ်အရွယ် လွေးအေလှဌေးကလည်း ပြီးခဲ့တဲ့ မေလက မြဝတီဘက် ၂ လ အလုပ်သွားလုပ်ပြီး ရွာဘက် ပြန်လာနေချိန် ၁ ပတ် ကြာတဲ့အထိ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူရွာဘက် ပြန်လာမလို့ သူမန္တလေး ရောက်တာ ၁၁ ရက်နေ့ မနက်ပိုင်းကတည်းကရောက်တာ။ သူကားပေါ် ရောက်တဲ့အချိန် ဖုန်းခေါ်လို့ ရသေးတယ်။ အဲဒီ ကားဂိတ်၊ ကားဆရာတွေရဲ့ ဖုန်းနံပါတ် မပို့လာတော့ သူ ၂ ရက် ၃ ရက်လောက် ရောက်မယ်ထင်တာ။ အခုချိန်ထိ အဆက်အသွယ် မရတော့ဘူး။ သူ့ဖုန်းလည်း ဧရိယာပြင်ပဘဲ ပြောနေတယ်”
လွေးအေလှဌေးရဲ့ ညီမက “၅ လပိုင်း(မေလ)တုန်းက မြဝတီဘက် အလုပ်သွားလုပ်တယ်။ ၂ လ လုပ်ပြီးတော့ ရွာပြန်လာမလို့ မန္တလေးရောက်တာ ဇူလိုင် ၁၁ ရက် မန္တလေး ရောက်တယ်။ ကားပေါ် ရောက်တဲ့အချိန် ဖုန်းခေါ်လို့ရသေးတယ်။ ကားပေါ် တက်တော့မှာနော်တဲ့ ဖုန်းချသွားတာ။ တစ်နာရီလောက်ကြာတော့ ဖုန်းပြန်ခေါ်တာ မကိုင်တော့ဘူး။ နောက် ၂ ရက် ၃ ရက်ရောက်မယ် ထင်တယ်ပေါ့။ စောင့်ရင်း အခုထိ အဆက်အသွယ် မရသေးဘူး” လို့ ပြောပါတယ်။
အဆက်အသွယ် ပြတ်တောက်သွားတဲ့ လွေးအေလှဌေးက မန္တလေးကနေ ဇူလိုင် ၁၁ ရက်မှာ ထွက်ခွာခဲ့တာဖြစ်ပြီး သူစီးတဲ့ ကားဂိတ်နာမည်ကိုတော့ မသိရဘူးလို့ ညီမဖြစ်သူက ပြောပါတယ်။
သူမ ပျောက်ဆုံးချိန်ဟာ နောင်ချိုကို ပြန်ရဖို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်နေချိန်ဖြစ်ပြီး ရှမ်းမြောက်-မန္တလေး ခရီးသည်ကားတွေဟာ နောင်ချိုလမ်းပိုင်းကို သွားလာနေကြသေးတဲ့အချိန် ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးလာတာကြောင့် ပြည်ပဘက် ထွက်ခွာကာ အလုပ် သွားလုပ်သူ များလာနေပြီး လူကုန်ကူးခံရတာနဲ့ ပျောက်ဆုံးတာတွေလည်း မကြာခဏ ကြုံတွေ့နေရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။