လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၁၃ ရက်၊ ဒီမော့ဆို
ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် စစ်ရှောင် ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ကလေး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် ညနေ ၃ နာရီ ဝန်းကျင်မှာ ဒီမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတွေ တည်ရှိရာ နေရာတွေကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေတာလို့ ဆိုပါတယ်။
“သူတို့ လက်နက်ကြီးတွေ ပစ်ခတ်တဲ့ နေရာတွေက စစ်ရှောင်တွေနေတဲ့ နေရာဘဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်နေတာ။ ဘယ်စစ်သားမှ မရှိဘူး။ ပထမ ပစ်တဲ့ နှစ်လုံးက မထိဘူး။ နောက်တစ်လုံးက ဗုံးခိုကျင်းရှိတဲ့ နေရာကို သွားမလို့ လုပ်တဲ့အချိန်မှာ ထိသွားတာ။ မိသားစုဝင် ၃ ယောက် သေတာ။ သူတို့အမေက ခြေထောက်ထိပြီး ပြတ်သွားတာ။ ချက်ချင်းတော့ မသေဘူး။ ဖြစ်ချင်တော့ အဲနားက ဓာတ်ဆီပုံးရှိတယ်။ ဓာတ်ဆီ မီးလောင်တော့ သူပါ မီးလောင်သွားတာ။ အဲဒါနဲ့ သူလည်း သေသွားတာ။ အခုက သူတို့မိသားစုထဲက ကလေး ၃ ယောက် ကျန်တာ” လို့ ပြောပါတယ်။
လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ကလေး ၃ ဦးကို လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး ဆေးကုသမှုအတွက် အခက်အခဲ ဖြစ်နေတာကြောင့် အကူအညီ လိုအပ်နေတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ထဲမှာပဲ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကရင်နီပြည် ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကိုလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ်ဘက်က ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။