အိုက်ပွီး၊ ဧပြီ ၁၅ ရက်၊ ဟားခါး
ချင်းပြည်နယ် ဟားခါးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ CDF-Hakha ထံ ဧပြီ ၁၃ ရက်က အလင်းဝင်လာခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဟားခါး ၂၆၆ ဗျူဟာကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်နဲ့အတူ CDF-Hakha ထံ ဆက်သွယ်ကာ အလင်းဝင်လာတာပဲ ဖြစ်ပါတယ်။
“အခု အလင်းဝင်လာတဲ့သူတွေဟာ စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်ထဲ အဓမ္မ စုဆောင်းခံရတဲ့သူတွေပါ။ သူတို့ရဲ့ စစ်မှုထမ်းသက်တမ်းဆိုရင်လည်း တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ရှိသေးတယ်” လို့ CDF-Hakha တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အလင်းဝင်ရောက်လာသူတွေဟာ လက်နက်ခဲယမ်း ယူဆောင်လာတာကြောင့် ၎င်းတို့ကို လက်နက်တန်ဖိုးအလိုက် ဆုကြေးငွေ ချီးမြှင့်ပေးကာ လုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေးထားတယ်လို့ CDF-Hakha တာဝန်ရှိသူက ပြောဆိုပါတယ်။
စစ်ကောင်စီ လက်အောက်မှာ တာဝန် မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူတွေကို CDF-Hakha က အမြဲတမ်း ကြိုဆိုကြောင်းနဲ့ လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူသွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်ကလည်း ဟားခါးမြို့မှာ စစ်မှုထမ်းဥပဒေနဲ့ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ CDF-Hakha ထံ အလင်းဝင်ခဲ့ဖူးပါတယ်။